ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ်သို့ ဖောက်လုပ်ထားသော ဒေသအခေါ် ရှမ်းလမ်းရှိ ထားဝယ်မြစ်ကူးတံတားအနီးတဝိုက်ကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြစ်ကူးတံတား ဒေသအခေါ် ကင်းတံတားအနီးတစ်ဝိုက်တွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇နာရီဝန်းကျင်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြပြီးနောက် နံနက် ၉ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ် ဘက်က လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲ ချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“လေယာဉ်က တက်လာတယ်။ ပထမဗုံးတစ်လုံးကြဲပြီတာနဲ့ ဒက်ဒက်ဆိုပြီး စက်သေနတ်နဲ့လည်း ပစ်သွားတယ်” ဟု ၎င်းက ပြောသည်။
ရေဖြူမြို့နယ် ကျောက်ကညာကျေးရွာအခြေစိုက် စစ်အာဏာရှင်၏ အမြောက်တပ်ရင်းနှင့် ရေဖြူမြို့အနီးရှိ ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းတို့ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် ရေဖြူမြို့အဝင်အထွက်နှင့် မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်တို့တွင် လမ်းပိုင်း ဖြတ်သန်းခွင့်ကို စစ်အဏာရှင်တပ်ဘက်က ပိတ်လိုက်သဖြင့် ယနေ့ နံနက် ၁၁ နာရီခွဲအထိ ခရီးသွားပြည်သူများ ပိတ်မိနေကြဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။
“(အရပ်သား) ထိခိုက်မှုကတော့ အခုထိ မသိရသေးဘူး။ လမ်းတွေ အခုအထိ ပိတ်ထားတယ်။ တိုက်ပွဲက ၁၀နာရီကျော် လောက်မှာ ငြိမ်သွားတယ်” ဟု အထက်ပါအမျိုးသားက နံနက် ၁၁ နာရီခွဲခန့်တွင် ပြောသည်။
ကင်းတံတားသည် ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု ဒေါက်လောက်ကျေးရွာအနီးရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဖောက်လုပ်ထားသည့် လမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။
ထားဝယ်ခရိုင်အတွင်း ဖေဖော်ဝါရီလ ပထမပတ်ကစပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား စစ်ရေးတင်းမာ လျက်ရှိပြီး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။







