မင်းကွန်းဒေသက သမိုင်းဝင် မြသိန်းတန်စေတီဟာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးကြောင့် ပြိုကျခဲ့ပါတယ်။
ယခု ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှာတော့ မင်းကွန်း မြသိန်းတန်စေတီ ပြိုကျပျက်စီးနေတဲ့ ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်မှာ ပြန်လည်ပျံ့နှံ့လာပါတယ်။
အဲဒီဓာတ်ပုံနဲ့အတူ မြသိန်းတန်စေတီ ဗုံးကြဲခံရတယ်၊ နောက်ဆက်တွဲ ငလျင်ကြောင့် ထပ်မံပြိုကျတာဖြစ်တယ်ဆိုပြီး ရေးသားချက်အမျိုးမျိုး ယှဥ်တွဲပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါ Screenshots မှာ ကြည့်နိုင်ပါတယ်။




Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါ ဖော်ပြချက်တွေကို အချက်အလက် စိစစ်ကြည့်ရာ သတင်းအမှားတွေ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
မင်းကွန်း မြသိန်းတန်စေတီ စစ်ကိုင်းငလျင်ကြောင့်ပြိုကျ
၂၀၂၅ ခုနှစ် မတ်လ ၂၈မှာ လှုပ်ခတ်တဲ့ စစ်ကိုင်းငလျင်ကြောင့် မြသိန်းတန်စေတီတော် ထိပ်ပိုင်းနဲ့ တောင်ဘက်ခြမ်း ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအကြောင်းအရာကို BBC မြန်မာပိုင်းသတင်းဌာနက ၂၀၂၅ခုနှစ် မတ်လ ၂၉ရက်မှာ “မြသိန်းတန်စေတီ ငလျင်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီး” ခေါင်းစဥ်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/Qtnu2
ငလျင်ကြောင့် သမိုင်းဝင် မြသိန်းတန်စေတီ ပျက်စီးတဲ့အကြောင်း Dawei Watch ကလည်း ၂၀၂၅ ခုနှစ် မတ်လ ၂၉ရက်က ဖော်ပြခဲ့သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://www.daweiwatch.com/29/03/2025/108825/
ဓာတ်ပုံအား စိစစ်ချက်
ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှာ အွန်လိုင်းပေါ်ပြန်ပျံ့နှံ့လာတဲ့ ဓာတ်ပုံကို Dawei Watch က အချက်အလက် စိစစ်ဖို့ ပထမဆုံး ပြန်တင်ခဲ့တဲ့သူကို ရှာဖွေကြည့်ရာမှာတော့ မင်းကွန်းဒေသက ‘ကိုစု မင်းကွန်း’ အမည်နဲ့ လူမှုကွန်ရက်အကောင့် ကဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်မှာ စတင်ဖော်ပြခဲ့တာကို တွေ့ရပါတယ် ။
ကိုစု မင်းကွန်း အကောင့်ရဲ့ ကနဦးဖော်ပြချက်မှာလည်း အဲဒီပုံဟာ လက်တလောပုံဖြစ်တယ်လို့ ဖော်ပြထားတာ မရှိပါဘူး။
Dawei Watch က ‘ကိုစု မင်းကွန်း’ အကောင့်ပိုင်ရှင်ဆီကို ဆက်သွယ်မေးမြန်းရာမှာလည်း ယခုရက်ပိုင်း မင်းကွန်းဒေသကို ဗုံးကြဲတာမရှိသလို အဲဒီပုံဟာလည်း စစ်ကိုင်းငလျင်ကြီးပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလ ပထမအပတ်မှာ လူမှုကယ်ဆယ်ရေး သမားတစ်ဦးက မှတ်တမ်းတင်ထားကို ကူးယူဖော်ပြတာဖြစ်တယ်လို့ ဖြေကြားပါတယ်။
‘ကိုစု မင်းကွန်း’ အကောင့်ပိုင်ရှင်ကလည်း သူရဲ့ဖော်ပြချက်မှာလည်း အဲဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ပုံအဟောင်းဖြစ်ကြောင်း ဖြေရှင်းချက်ကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါတယ်။ အောက်ဖော်ပြပါ Screenshot မှာ ကြည့်နိုင်ပါတယ်။

မြသိန်းတန်စေတီကိစ္စနဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းဌာနက “မြသိန်းတန်စေတီ ဗုံးကြဲခံရလို့ ပျက်စီးတယ်ဆိုတဲ့ သတင်းအမှား” ဆိုပြီး အချက်အလက်စိစစ်ဖော်ပြထားတာသလို DVB သတင်းဌာနကလည်း “မင်းကွန်းရှိ မြသိန်းတန်စေတီ စစ်အုပ်စုဗုံးကြဲမှုကြောင့် ထပ်မံပြိုကျပျက်စီးဆိုတဲ့ ဓာတ်ပုံဟောင်း အသုံးပြုထားတဲ့ သတင်းအမှား” ဆိုပြီး အချက်အလက် စိစစ်ဖော်ပြထားတာတွေကို တွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
မဇ္ဈိမ သတင်းဌာနဖော်ပြချက် လင့်ခ် – https://shorturl.at/tIj9P
DVB သတင်းဌာနဖော်ပြချက် လင့်ခ် – https://shorturl.at/3GB5Z
ဖေဖော်ဝါရီလ ၂၂ ရက်မှာ ငလျင်လှုပ်တာ မရှိ
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ငလျင်ကြောင့် ထပ်မံပျက်စီးဆိုပြီးလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တာနဲ့ ပတ်သက်လို့ စိစစ်ကြည့်ရာမှာလည်း အဲဒီနေ့မှာ ငလျင်လှုပ်ခတ်တာမျိုး မရှိတာတွေ့ရပါတယ်။
စစ်ကော်မရှင်ရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်တွေမှာပဲ ငလျင်လှုပ်ခတ်တာမျိုးတွေ တွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်မှာ မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ငလျင်လှုပ်ခတ်မှုတစ်ကြိမ်ရှိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/tvCbo
ဖေဖော်ဝါရီလ ၂၄ ရက်မှာတော့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ငလျင်လှုပ်ခတ်မှု တစ်ကြိမ်ရှိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/SBnnv
ဖေဖော်ဝါရီလ ၂၂ ရက် နဲ့ ၂၃ ရက်မှာတော့ ငလျင်လှုပ်ခတ်မှု မရှိခဲ့ပါဘူး ။
ဒါ့ကြောင့် မင်းကွန်း မြသိန်းတန်စေတီဟာ ဗုံးကြဲမှုနဲ့ နောက်ဆက်တွဲငလျင်ကြောင့် ထပ်ပြိုကျတာမဟုတ်ဘဲ ဓာတ်ပုံ အဟောင်း ပြန်လည်ပျံ့နှံ့တာနဲ့အတူ သတင်းအမှားတွေနဲ့ ယှဥ်တွဲပျံ့နှံ့ခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







