အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၄ရက်တွင် ပြောကြားသည်။
ဂျီနီဗာမြို့တွင် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများ ပြန်လည် မစတင်မီ နှစ်ရက်အလိုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် အမေရိကန်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေပြီး ကျောင်းသားဆန္ဒပြသူများကို အီရန်အစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဘတ်စ် အရတ်ဂ်ချီ၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာခြင် းဖြစ်သည်။
“နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး ဘုံအကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမယ့် မကြုံစဖူး သဘောတူညီချက်တစ်ရပ် ရရှိဖို့အတွက် ကျွန်တော်တို့မှာ သမိုင်းဝင် အခွင့်အရေးရှိနေပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
သံတမန်ရေးရာ နည်းလမ်းကိုသာ ဦးစားပေးဆောင်ရွက်ပါက သဘောတူညီချက် ရရှိရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနီးစပ်နေပြီဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား အဏုမြူအရေး ဆွေးနွေးမှုများ ယခုလအစောပိုင်းတွင် ပြန်လည်စတင်ခဲ့ပြီးနောက် တတိယအကျော့ ဆွေးနွေးပွဲကို ယခုသီတင်းပတ် ကြာသပတေးနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပသွားရန် ရှိနေသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်၏ စစ်ရေးအင်အား ဖြည့်တင်းမှုများ ကြီးကြီးမားမား ရှိနေချိန်တွင် အဆိုပါ ဆွေးနွေးပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆွေးနွေးပွဲမှ သဘောတူညီချက် မရရှိလျှင် အီရန်ကို တိုက်ခိုက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည်။
မည်သည့်တိုက်ခိုက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန်ဘက်က အကြိမ်ကြိမ် တုံ့ပြန်ပြောဆိုထားသည်။
အကန့်အသတ်ဖြင့် တိုက်ခိုက်မှုမျိုးကိုပင် ကျူးကျော်စော်ကားမှုအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတိပေးခဲ့သည်။
Source: AFP







