ရွေးကောက်ပွဲနေ့ လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသော အသံကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့တွင် တော်လှန်ရေးတပ်တို့က လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း မြို့ခံများက ပြောသည်။
ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် ရဲစခန်းနှင့် ထွေအုပ်ဝန်းကျင်တွင် မီးခိုလုံးများထွက်ပေါ်လာသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။
စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတို့၏ အဆိုအရလည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့က လောင်းလုံးမြို့ပေါ်ရှိ စစ်အာဏာရှင်တပ် တပ်စွဲထားသည့်နေရာတို့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။
၎င်းတို့အဆိုအရ ရဲစခန်းနှင့် ထွေအုပ်ရုံးရှိ အဆောက်အအုံအချို့ မီးလောင်ကျွမ်းနေကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်တစ်လုံးမှာ လောင်းလုံးမြို့ပြင်ရှိ ကြံတောရှောင်နေရာတွင် ကျရောက်ပေါက်ကွဲကြောင်း မြို့ခံများက ဆိုသည်။
အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည့် အသံကြောင်း ကြံတောရှောင်တွင် နေထိုင်သူ အသက် ၆၀ ဝန်းကျင် အရွယ် ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲ လဲနေသည့် အမျိုးသားတစ်ဦး ရုတ်တရက် ထိတ်လန့်ကာ သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“သေတာကတော့ လက်နက်ကြီးထိတာ မဟုတ်ဘူး။ နေမကောင်းဖြစ်နေတာဆိုတော့ လန့်လန့်ဖြန့်ဖြန့်ဖြစ်သွားတာနေမယ်” ဟု ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက် ရွေးကောက်ပွဲအကြိုနေ့ကလည်း စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်သဖြင့် လောင်းလုံးမြို့ စောင်းကြိုးလမ်းရှိ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
စစ်အုပ်စုသည် ကနဦးတွင် လောင်းလုံးမြို့ပေါ်၌ မဲရုံဖွင့်လှစ်ရန် စီစဉ်ခဲ့သေးသော်လည်း တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုကြောင့် ထားဝယ်မြို့အနီး ကမြောကင်းကျေးရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းလဲဖွင့်လှစ်ထားသည်။







