ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲကျင်းပနေသည့် သရက်ချောင်း၊ ပိန်းတောရွာတွင် ပေါက်ကွဲသံများထွက်ပေါ်

January 25, 2026

ရွေးကောက်ပွဲကျင်းပနေသည့် သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲသံများ ကြားနေရပြီး ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

သရက်ချောင်းမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် အိမ်ရှေ့ပြင်၊ တီတွတ်ပြင်၊ ပိန်းတော၊ ပန်းပြင်၊ ကဇိတံတားဦးကျေးရွာများတွင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည်။

ယနေ့(ဇန်နဝါရီ ၂၅) မနက် ၁၀ နာရီခန့်တွင် ပိန်းတောရွာ အထက်တန်းကျောင်းခွဲ၏ မဲရုံပရဝဏ်အနီးတွင် ဒရုန်းဗုံးသီးတစ်လုံး၊ လယ်ကွင်းထဲတွင် တစ်လုံးကျရောက်ပေါက်ကွဲသည်ဟု ဒေသခံအချို့က ပြောသည်။

“ငါလည်း မနက်စောစောတည်းက မဲထည့်ပြီးပြန်လာတာဆိုတော့ ပေါက်ကွဲသံပဲကြားတယ်။ မဲရုံနဲ့အဝေးကြီးမှာကျတယ်ပြောတယ်။ မနက်ကတော့ မဲထည့်သူတွေရှိနေတယ်။ ဗုံးသံကြားတော့ လူတွေလည်း အထဲဝင်ပြေးကုန်တယ်တဲ့” ဟု ပိန်းတောရွာက အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ရွေးကောက်ပွဲတွင် မဲလာထည့်သူနည်းသည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲကျင်းပသည့် ရပ်ကွက်၊ ကျေးရွာများနှင့် အနီးဝန်းကျင်ကျေးရွာများတွင် အင်အားဖြန့်ကာ လုံခြုံရေးအပြည့်ယူထားသည်ဟု ဒေသခံအချို့က ပြောသည်။

ပိန်းတောနှင့် ပန်းပြင်ရွာဘက်က ဒရုန်းဗုံးကျရောက်ပေါက်ကွဲသံ နှစ်ချက်ကြားရပြီး ကောင်းကင်တွင်လည်း ဒရုန်းများ ပျံဝဲသွားလာနေသည်ကို တွေ့ရကြောင်း ပိန်းတောရွာအနီးဝန်းကျင်ကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့တည်းက ရွာမှာလူတွေမရှိကြဘူး။ တစ်ခုခုဖြစ်မှာစိုးလို့ရှောင်တိမ်းနေကြတယ်။ ဒီမနက် ဒရုန်းဗုံးပေါက်ကွဲသံ နှစ်ချက်ကြားတော့ လူတွေ ပိုပြီးမရှိကြတော့ဘူး။ ကောင်းကင်မှာလည်း ဒရုန်းတွေ ဝဲနေတယ်တဲ့ အခုနောက်ထပ် ထပ်ချနေတယ်လို့လည်းပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

သို့သော် ယင်းပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရှိရသေးပေ။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်မှာမူ ပေါက်ကွဲသံ၊ ပစ်ခတ်သံမကြားရသေးကြောင်း မြို့ပေါ်ရပ်ကွက်နေ လူငယ်အမျိုးသားတစ်ဦးက နံနက် ၁၁ နာရီခန့်တွင်ပြောသည်။

သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၀၀ ခန့်ရှိပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့်ဒေသဖြစ်သည်။