ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု စီစဉ်ထားသလို ဖြစ်မလာသည့် လောင်းလုံးက ရွေးကောက်ပွဲ

January 25, 2026

ရွေးကောက်ပွဲ အပိုင်း ၃ တွင်ပါဝင်သည့် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲမှာ စစ်အုပ်စုက မူလစီစဉ်ထားသည့်အတိုင်း ‌မဖြစ်လာဘဲ ဖြစ်သလိုသာ လုပ်လိုက်ရသော အခြေအနေမျိုး တွေ့ရသည်။

လောင်းလုံးမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၄၁ အုပ်စု ရှိသည့်အနက် မြို့ပေါ် ၄ ရပ်ကွက်နှင့် မောင်းမကန်၊ စခန်းကြီး၊ ကမြောကင်း ကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အုပ်စုက စီစဉ်ထားသည်။

သို့သော် အမှန်တကယ်ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့တွင်မူ လောင်းလုံးမြို့ပေါ်တွင် မဲရုံမဖွင့်နိုင်တော့ဘဲ ၎င်းမဲရုံကို ထားဝယ်မြို့အနီး ကမြောကင်းရွာရှိ ထားဝယ်တက္ကသိုလ်သို့ ပြောင်းရွှေ့လိုက်ရသည်။

တော်လှန်ရေးတပ်တို့က ရွေးကောက်ပွဲ အကြိုနေ့ကတည်းက တိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြို့ပေါ်တွင် မဲပုံးမထောင်နိုင်တော့ခြင်းဖြစ်သည်။

ထိုသို့ မဲရုံရွှေ့လိုက်သဖြင့် မြို့ခံအချို့မှာ တကူးတကသွားရောက်မဲပေးစရာမလိုတော့ကြောင်း ပြောဆိုကြသည်။

“ထားဝယ်တက္ကသိုလ်ထဲ(မဲရုံ) ပြောင်းလိုက်တော့ တကူးတကမဲထည့်မယ့်သူကလွဲပြီး ကျန်တဲ့သူတွေ မဲထည့်စရာမလိုတော့ဘူး။ ကျွန်မတို့ဆိုလည်း မသွားတော့ဘူး” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်ကမူ ထားဝယ်-လောင်းလုံးသွား လမ်းတစ်လျှောက်တွင် တပ်ဖြန့်နေရာယူထားကြသည်။

ယနေ့တွင် ထားဝယ်‌-လောင်းလုံး ခရီးသွားသူ မရှိသလောက်နည်းပါးသွားပြီး ကားသမား၊ သုံးဘီးသမားများပါ ခရီးစဉ်ပြေးဆွဲမှုများ ရပ်နားထားကြသည်။

ကမြောကင်းကျေးရွာတွင်မူ ထားဝယ်တက္ကသိုလ်မဲရုံ၊ ကမြောကင်းအထက်တန်းကျောင်းမဲရုံ၊ အင်းကြီးရွာမဲရုံ ဟု မဲရုံသုံးရုံဖွင့်လှစ်ထားသည်။

ထားဝယ်တက္ကသိုလ်မဲရုံမှာ လောင်းလုံးမြို့ခံများ မဲထည့်နိုင်ရန်ဖြစ်သည်။

ခလရ ၁၀၄ တပ်ရင်းနှင့်ကပ်လျက်တွင်တည်ရှိသည့် အင်းကြီးရွာမဲရုံနှင့် က‌မြောကင်းအထက်တန်း‌ကျောင်းမဲရုံမှာ ကမြောကင်းကျေးရွာအုပ်စုက မဲထည့်နိုင်ရန်ဖြစ်သည်။

ကမြောကင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်က လုံခြုံရေးကြီးကြီးမားမားယူထားခြင်းမရှိဘဲ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်၊ သောကြာပြင်ရွာထဲနှင့် အနီးဝန်းကျင်တွင်သာ တပ်ဖြန့်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ကမြောကင်းတံတားကိုမူ မနက်ပိုင်းတွင် လောင်းလုံးဘက်မှ ထားဝယ်မြို့ထဲဝင်မည့်ဘက်ခြမ်းကို ပိတ်ထားပြီး မဲပေးခွင့်လက်မှတ်ရှိသူများနှင့် ကျန်းမာရေးကိစ္စရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုခဲ့ဟု ၎င်းတို့ကဆိုသည်။

သို့သော် နံနက် ၉ နာရီတွင် ပြန်ဖွင့်ပေးလိုက်ပြီး အားလုံးကို ဖြတ်သန်းခွင့်ပြုခဲ့သည်။

“မဲပေးတဲ့အခြေအနေကတော့ တိုးကြိတ်နေတာမျိုးမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် လာပေးနေတာတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ယနေ့နံနက် ၉ နာရီခန့်က ‌ပြောဆိုသည်။

ထားဝယ်မြို့ထဲတွင်မူ လောင်းလုံးးမြို့ခံများ မဲသွားပေးရန် ကားဖြင့်လှည့်လှည်နိုးဆော်နေသည်။

စခန်းကြီးကျေးရွာတွင်လည်း မဲရုံမဖွင့်နိုင်ဘဲ ယင်းကျေးရွာအနီး တောရှည်ကျေးရွာသို့ မဲရုံပြောင်းဖွင့်ထားရကြောင်း ဒေသခံတို့က ပြောဆိုသည်။

စခန်းကြီးကျေးရွာသို့ မဲပေးစက်လာပို့သည့် ယာဉ်တန်းကို တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်အပြီး ခလရ ၁၀၄ တပ်ရင်းမှ စစ်အာဏာရှင်တပ်သားတို့က ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စခန်းကြီးရွာတွင် တပ်စွဲထားလိုက်သဖြင့် ဒေသခံများ ထွက်ပြေးနေကြရသည်။

ယင်းအခြေအနေကြောင့် တောရှည်ရွာသို့ပြောင်းဖွင့်ထားသည့် မဲရုံတွင်လည်း မဲပေးသူမရှိသလောက် နည်းပါးလျက်ရှိကြောင်း ဒေသခံတို့ကပြောသည်။

တောရှည်ကျေးရွာတွင်လည်း စစ်အာဏာရှင်တပ်က မဲရုံရှိသည့်ရွာထဲတွင် လုံခြုံရေးများများစားစားမရှိဘဲ ရွာအပြင်တွင်သာ လုံခြုံရေးအင်အားသုံးချထားသည်။

မောင်းမကန်ကျေးရွာအုပ်စုတွင်မူ မဲရုံကို မောင်းမကန်မူကြိုကျောင်းတွင်ဖွင့်လှစ်ထားသည်။

စစ်အာဏာရှင်တပ်က မောင်းမကန်‌ကျေးရွာပတ်ပတ်လည် ဝင်ပေါက်မှန်သမျှကို စစ်တပ်ဖြင့်ပိတ်ဆို့ပြီး လုံခြုံရေးချထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်က စစ်အာဏာရှင်တပ်ပါ ပန်းတက်အင်းကျေးရွာအထိ လာရောက်ပြီး မောင်းမကန်လမ်းဝင်ပေါက်ကို ပိတ်ဆို့ထားကြောင်း ဒေသခံတို့က ပြောသည်။

ရွေးကောက်ပွဲ အကြိုနေ့က စစ်အာဏာရှင်တပ်သည် မောင်းမကန်အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးခဲ့သဖြင့် အနီးနားရှိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး ကျေးရွာမှ ဒေသခံများ ထွက်ပြေးခဲ့ရသေးသည်။

ရွေးကောက်ပွဲ အကြိုရက်များတွင် နှစ်ဖက်တပ်တို့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ‌အရပ်သား ဒဏ်ရာရ၊ သေဆုံးသူ တစ်ဆယ်ဝန်းကျင် ရှိထားသည်။

ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီကျော်အချိန်အထိမူ ပစ်ခတ်မှု၊ ပေါက်ကွဲမှုအခြေအနေများ မကြားရသေးပေ။

စစ်အုပ်စုသည် လောင်းလုံးမြို့နယ်တွင် ရပ်ကွက် ‌၄ ခုနှင့် ကျေးရွာအုပ်စု ၃ စုတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ ကျေးရွာအုပ်စု နှစ်အုပ်စုတွင်သာ ခက်ခက်ခဲခဲ ကျင်းပနိုင်သည်ကို တွေ့ရသည်။