ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရသည့်အမှု စစ်ရာတွင် စုံစမ်းရေးအဖွဲ့ကို ပါဝင်ခွင့်ရရန် ပညာရေးအစုအဖွဲ့များ တောင်းဆို၊ ပူးပေါင်းလုပ်ဆောင်မည်ဟု KNU ပြော

December 24, 2025

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ခွင့်ရရရန် တနင်္သာရီတိုင်းအခြေခံပညာ ပညာရေးအစုအဖွဲ့များက တိုက်တွန်းတောင်းဆိုလိုက်သည်။

တနင်္သာရီတိုင်းအတွင်းရှိ တိုင်းအခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂနှင့် တိုင်းအတွင်းရှိ ပညာရေးဘုတ်အဖွဲ့ ၁၀ ဖွဲ့ စုစုပေါင်း ပညာရေးအစုအဖွဲ့ ၁၁ ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

လက်ရှိတွင် ကျူးလွန်သည်ဆိုသူများကို KNU က ဖမ်းဆီးထားပြီး ၎င်းတို့၏ ထွက်ဆိုချက်များ၊ သက်သေ အထောက်အထားများကို စုံစမ်းစစ်ဆေးရာတွင် KNU နှင့်အတူ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ခွင့်ရရန်တောင်းဆိုထားသည်။

ထို့အပြင် အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခြင်း၊ အပြစ်ပေး တရားစီရင်ခြင်းကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တရားဝင်ပေးပို့ရန်နှင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှသာ ပွင့်လင်းမြင်သာမှုရှိနိုင်သည့်အတွက် ယင်းကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ထုတ်ပြန်တောင်းဆိုရာတွင်ပါဝင်သည့် ပညာရေးဘုတ်အဖွဲ့ တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပူးပေါင်းပြီးစစ်မှပဲ ပွင့်လင်းမြင်သာမှုရှိမယ်။ အများကလည်း ယုံကြည်လက်ခံနိုင်မယ်” ဟု ၎င်းက ဆိုသည်။

ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်အတွင်းမှာပင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဆရာမကြီးဇနီးမောင်နှံ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိကြောင်း KNU တပ်မဟာ ၄ က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း မြေပြင်အခြေအနေများနှင့် ကွဲလွဲနေသည်ဟုဆိုကာ ထောက်ပြပြောဆိုမှုများ ရှိနေသည်။

ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်လည်း KNU လက်အောက်ခံ KNDO တပ်ရင်း ၇၏ တပ်ခွဲ ၂၊ KNLA Special Forces၊ NUN လက်အောက်ခံ မြိတ်ခရိုင်တပ်ရင်း ၁ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။

သို့သော် ဖမ်းဆီးခံထားရသူများကို ကြားနာစစ်ဆေးရာတွင် ဒီဇင်ဘာ ၂၃ ရက်အထိ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခြင်းမဟုတ်ဘဲ KNU တစ်ဖွဲ့တည်းကသာ စစ်ဆေးနေကြောင်း အထက်ပါပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူက ပြောသည်။

“စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး သဘောတူညီချက်တွေချခဲ့တယ်။ ပြီးတော့ စစ်ဆေးဖို့ဆိုပြီးသွားတာ သွားတဲ့အချိန် (KNU ဘက်က) မိုးလင်းမှ လာခဲ့ဆိုပြီးပြောတယ်။ မိုးလင်းပြန်သွားတဲ့အချိန်မှာ KNU ဘက်က စစ်ဆေးဦးမှာဖြစ်လို့ စောင့်ဆိုင်းပေးပါဆိုပြီးပြောလို့ ပြန်လာလိုက်ရတယ်။ ပြန်လာပြီးချင်းမှာပဲ KNU ဘက်ကနေ ထုတ်ပြန်လိုက်တာ” ဟု ၎င်းက ဆိုသည်။

KNU ၏ ထုတ်ပြန်ချက်တွင် ဆရာမတို့ဇနီးမောင်နှံသည် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် သတ်ဖြတ်ခံရကြောင်း ဖော်ပြထားပြီး မြေပြင်တွေ့ရှိချက်များတွင် သတ်ဖြတ်ခံရသည့်အချိန်အပါအဝင် အခြားထုတ်ပြောရန် အဆင်မပြေသေးသည့် ကွဲလွဲမှုလည်းများစွာရှိနေကြောင်း ၎င်းက ထောက်ပြသည်။

KNU ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ထံမှ အချုပ်ဖောက် ထွက်ပြေးသွားသူ ၄ ဦးသည် ဆရာမ ဒေါ်အေသီအောင် နေအိမ်တွင် ထမင်းသွားတောင်းရာက မကျွေးသဖြင့် သတ်ဖြတ်မှုဖြစ်ခဲ့ကြောင်း ဆိုထားသည်။

သို့သော် ဆရာမကြီးနှင့် နီးစပ်သူများကမူ သတ်ဖြတ်ခံရမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

KNU ၏ ထုတ်ပြန်ချက်သည် ကနဦးထုတ်ပြန်ချက်သာဖြစ်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောသည်။

“ကျွန်တော်တို့ ဖမ်းမိပြီ ကျွန်တော်တို့ရဲ့ KNU ဥပဒေအရ အရေးယူမယ် ဒါကတော့ သတင်းထုတ်ပြန်ပြီးပြီ။ လက်တွေ့မြေပြင်မှာတော့ အသေးစိတ် သေသေချာချာ စုံစမ်းစစ်ဆေးရေးလုပ်မယ် ပွင့်လင်းမြင်သာမှာပါ။ ဘာလို့ဆို စစ်ဆေးတဲ့အချိန်မှာ မျက်မြင်သက်သေပစ္စည်းတွေ၊ တရားခံတွေ ရှိတဲ့အတွက်ကြောင့် ဘာမှစိုးရိမ်စရာ မလိုဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသူများကို စစ်ဆေးရာတွင်လည်း ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဒိုအယ်နားက ပြောသည်။

“အမှုတစ်ခုခုရှိရင် အဓိက တာဝန်ရှိသူက ရဲပေါ့နော်။ ပြီးတော့ မြေပြင်က တပ်ခွဲတွေပေါ့။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးတာတွေလုပ်ရမယ်။ တာဝန်မရှိတဲ့သူကိုတော့ သွားတာဝန်ပေးလို့မရဘူး။ ဒီအမှုကတော့ တခြားတော်လှန်ရေးအဖွဲ့အစည်းတွေလည်း တောင်းဆိုတဲ့အတွက် ကျွန်တော်တို့က ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဖွဲ့ထားတယ်၊ မြေပြင်မှာ သူတို့ဖွဲ့ထားတယ် စုံစမ်းစစ်ဆေးရေးလုပ်တယ်။ ပြီးမှ သူတို့သတင်းထုတ်ပြန်မယ်” ဟု ၎င်းက ပြောသည်။

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် NUG ပညာရေးဝန်ကြီးဌာနအောက်တွင်ရှိပြီး ဆရာမ ဒေါ်အေသီအောင် သတ်ဖြတ်ခံရပြီးနောက် ပုလောမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၁၅ ကျောင်းစလုံးကို ပိတ်ထားသည်။