ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စု ရွေးကောက်ပွဲကို KNU-NUG ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချ

December 24, 2025

စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 နှင့် သဘောတူထောက်ခံသည့် တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစု ၁၅ ခုက ဒီဇင်ဘာလ ၂၃ ရက်တွင် ပူးတွဲထုတ်ပြန်သည်။

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ကင်းမဲ့နေသည့်အပြင် ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရမရှိသည့်အတွက် လက်မခံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 ကို တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရန်အတွက် KNU တပ်မဟာ (၄) တာဝန်ရှိသူများနှင့် NUG လက်အောက်ခံ တနင်္သာရီစစ်ဒေသ တာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းစစ်အုပ်စုသည် တရားဝင်အစိုးရ မဟုတ်သည့်အတွက် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း တရားမျှတမှု မရှိနိုင်ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ပြောသည်။

“တစ်ချိန်တည်းမှာလည်း တစ်နိုင်ငံလုံးမှာ သူတို့က ထိုးစစ်ဆင်တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်။ ပြည်သူလူထု နေအိမ်တွေကို မီးရှို့တယ်။ ပြီးတော့ သိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေ စစ်ဘေးရှောင်ဖြစ်တယ်။ သန်းနဲ့ချီတဲ့ ပြည်သူလူထုတွေ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးရတယ်။ အဲဒါကြောင့် သူတို့လုပ်မယ့် ရွေးကောက်ပွဲက တကယ်စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအပြောင်းအလဲတစ်ရပ် မဟုတ်ကြောင်း BCT-4 ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်ရှိရွေးကောက်ပွဲကျင်းပခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ်လိုသည့် အင်အားကြီးနိုင်ငံများကို အမှီပြုပြီး စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အစဥ်အဆက်အသုံးပြုခဲ့သည့် နည်းလမ်းဟောင်းတစ်ခုသာဖြစ်ကြောင်း BCT-4 က ထုတ်ပြန်သည်။

စစ်အုပ်စုက ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အပိုင်း ၁ တွင် ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ အပိုင်း ၂ တွင် ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်မည်ဖြစ်ပြီး အပိုင်း ၃ နှင့်ပတ်သက်၍ UEC က တိတိကျကျထုတ်ပြန်ထားခြင်းမရှိပေ။

BCT-4 ထုတ်ပြန်ချက်တွင် အဆိုပါရွေးကောက်ပွဲကို အထောက်အပံ့ဖြစ်စေမည့် ပံ့ပိုးကူညီမှု၊ ပူးပေါင်းပါဝင်မှုများ ကိုလည်း လုံးဝလက်ခံခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ (၄) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်အုပ်စုက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ လုပ်နိုင်ခြင်း မရှိသလို လုပ်ဆောင်လာပါက လက်ခံမည်မဟုတ်ကြောင်း ပဒိုအယ်နားက ပြောသည်။

“ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သူတို့ထိုးစစ်ဆင်တယ်။ ဒါကိုလည်း ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ပြီးတော့ ပြည်သူ လူထုကို မဲပေးရမယ် မဲမပေးရင် အရေးယူမယ် အဲဒီလို ခြိမ်းခြောက်မှုတွေကိုလည်း ကျွန်တော်တို့လက်မခံဘူး။ လက်မခံတဲ့ အတွက်ကြောင့် နိုင်ငံရေးအရ ရှုတ်ချတာ။ သူတို့ ထိုးစစ်ဆင်ရင်တော့ ကျွန်တော်တို့ စစ်ရေးအရ ခုခံမှာပဲ” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်တပ်က တနင်္သာရီတိုင်းအတွင်း သြဂုတ်လဝန်းကျင်မှစကာ စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများက ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းခြင်းကို ကြိုတင်လုပ်ဆောင်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ကြသည်။

ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်သာကွာဝေးသည့် သင်းကျွန်းကျေးရွာအနီးဝန်းကျင်တွင်လည်း စစ်အာဏာရှင်တပ်စစ်က တပ်ဖြန့်နေရာယူထားသည်မှာ တစ်လနီးပါးကြာလာပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာဝန်းကျင်တွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များအပြင် စစ်အာဏာရှင်တပ်ကပါ စစ်ရေး လှုပ်ရှားနေသည့် ဒေသဖြစ်ပြီး စစ်အုပ်စု၏ရွေးကောက်ပွဲ ကျင်းပမည့်နေရာလည်းဖြစ်သည်။

“ရွာဘက်မှာတော့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်မယ့်နေရာတွေအတွက် ကာထားပေးတာပဲဖြစ်မယ်။ ရွေးကောက်ပွဲပြီးမှပဲ သူတို့ပြန်လောက်တယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုလက်အောက်ခံ UEC ကြေညာထားသည့် ရွေးကောက်ပွဲတစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းတွင် တနင်္သာရီတိုင်းက ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၃ ခုပါဝင်သည်။