KNU တပ်မဟာ ၄ နှင့် NUG အောက်ရှိ တပ်ဖွဲ့များအကြား ပွတ်တိုက်မှုဖြစ်ပွားလာပါက ဖြေရှင်းရမည့်အချက်များကို နှစ်ဖက်သဘောတူညီမှုရရှိကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဂျိုကာက ပြောသည်။
KNU တပ်မဟာ ၄ နှင့် NUG အောက်ရှိ တပ်ဖွဲ့ဝင်များအကြား ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာပါက ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာ တပ်ဖွဲ့ကသာ အရေးယူရန် သဘောတူညီမှုရကြောင်း ၎င်းက ဆိုသည်။
NUG တပ် (PDF၊ ပကဖ၊ ပလဖ စသည့်) ဘက်က ပြစ်မှုကျူးလွန်ပါက KNU တပ်က ဖမ်းဆီး အပြစ်ပေးခွင့် မရှိဘဲ သက်ဆိုင်ရာ NUG တပ်ရင်းသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ အလားတူ KNU တပ်မဟာ ၄ ဘက်က ကျူးလွန်ပါကလည်း NUG တပ်တို့က အပြစ်ပေးအရေးယူခွင့်မရှိဘဲ KNU ဘက်သို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။
ဒုတိယအချက်မှာ နှစ်ဘက်တပ်ရင်း တာဝန်ရှိသူများအချင်းချင်း အနည်းဆုံးနှစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးကြရန်လည်း သဘောတူညီခဲ့ကြောင်း ရဲဘော်ဂျိုကာက ပြောဆိုသည်။
တတိယအချက် နှစ်ဖက်တပ်တို့ မဟာမိတ်ဖွဲ့ပြီး စစ်အာဏာရှင်ကိုသာ အဓိကထား ဦးတည်တိုက်ခိုက်ရန် ဆိုသည့် အချက်ဖြစ်ကြောင်း ဆိုသည်။
“စစ်ရေးနဲ့ ဆိုင်တာတွေလည်း သဘောတူတာတွေ ရှိတယ်။ အဲဒါတွေကိုတော့ ထုတ်ပြောလို့မရဘူး။ စစ်ရေးကိစ္စ ဆိုတော့လေ” ဟု ရဲဘော်ဂျိုကာက ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်က KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ရဲဘော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း ရဲဘော်တို့အကြား ပြဿနာဖြစ်ပွားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဒီဇင်ဘာလ ၁၇ရက်တွင် NUG အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ ဗျူဟာမှူး၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်၊ ထောက်ပို့အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ကို KNU တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။
ယင်းသို့ နှစ်ဖက်ပွတ်တိုက်မှု ကြီးကြီးမားမားဖြစ်ပွားပြီးနောက် KNU တပ်မဟာ ၄ တာဝန်ရှိသူတို့နှင့် NUG ဘက်က တနင်္သာရီတိုင်းစစ်ဌာန တာဝန်ရှိသူတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အထက်ပါ သဘောတူညီချက်များကို ရရှိခဲ့ကြောင်း ဆိုသည်။
နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီးနောက် ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များအပါအဝင် ဗျူဟာ ၃၃ ဗျူဟာမှူး၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူးတို့လည်း ဒီဇင်ဘာလ ၁၉ ရက်တွင် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များသို့ သွားခွင့်ပြုခဲ့ ကြောင်း ရဲဘော်ဂျိုကာက ပြောသည်။
ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် တပ်ရင်း ၂ တပ်ရင်းမှူး မင်းသားကြီးအပါအဝင် ၁၂ ဦးကိုမူ KNU တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်း မဟုတ်ဘဲ အောက်ခြေ ရဲဘော်အချင်းချင်းဖြစ်ပွားသည့် ပြဿနာကို ဖြေရှင်းရန် ခေါ်ထားခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် KNU က ဖမ်းဆီးထားသူများ အားလုံး ပြန်လည်လွှတ်မြောက်ပြီဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။







