ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများလုပ်ရန် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်း

December 24, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့နယ်တွင် ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် ညမထွက်ရအမိန့်ကို တစ်ညရုပ်သိမ်းကြောင်း စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးကော်မတီက မြို့တွင်းလိုက်လံကြေညာသည်။

မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သောကြောင့် ည ၁၁ နာရီမှ နံနက် ၃ နာရီအတွင်းထုတ်ပြန်ထားသော ညမထွက်ရအမိန့်အား ခရစ္စမတ်နေ့တွင် ခတ္တပယ်ဖျက်ထားသည်ဟု ကြေညာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ပြီးခဲ့သည့် ထားဝယ်တန်ဆောင်နှင့် ဒီဇင်ဘာလ ၁၉ရက်က ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တို့တွင်လည်း ထားဝယ်မြို့တွင် ညမထွက်ရက်အမိန့်ကို ရုပ်သိမ်းကာ စစ်ကော်မရှင်က ပျော်ပွဲရွှင်ပွဲများ ညလုံးပေါက်ကျင်းပခဲ့သည်။

ကရင်နှစ်သစ်ကူးနေ့ ညမထွက်ရအမိန့် ရုပ်သိမ်းထားချိန် ယင်းနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်များ ဖြစ်သည့် အိမ်ရှေ့ ပြင်၊ ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ်တို့ တွင် လူငယ် ၁၂ ဦးထက်မနည်းကို စစ်အာဏာရှင် တပ်က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ စုံစမ်းသိရှိရသည်။

ထို့ကြောင့် ပွဲတော်ရက်များ၌ ညမထွက်ရအမိန့်ရုပ်သိမ်းထားချိန် လူငယ်များကို ဖမ်းဆီးစစ်မှုထမ်းစုဆောင်းသဖြင့် ခရစ္စမတ်နေ့တွင် ပျော်ပွဲရွှင်ပွဲများသို့ သွားလာရန် မြိုခံလူငယ်များကြား စိုးရိမ်မှုများရှိနေကြောင်း မြို့ခံလူငယ် အသိုင်းဝိုင်း ထံမှ သိရသည်။

စစ်ကော်မရှင်သည် ခရစ္စမတ်နေ့ ညတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် ထားဝယ်မြို့ ကမ်းနားလမ်းပန်းခြံနှင့် ကမ်းနားလမ်း တို့တွင် လျှပ်စစ်ရောင်စုံမီးများနှင့် အလှဆင်ထားပြီး စင်တင်တေးဂီတဖြင့် ဖျော်ဖြေရန်လည်း စီစဉ်ထား ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် ကမ်းနားပန်းခြံအနီး ထားဝယ်မြစ်တွင်း ရေပေါ် စားသောက်ဆိုင်ဖွင့်လှစ်ထားရှိကြောင်း မြို့ခံများက ပြောသည်။