ထားဝယ်ခရိုင်တွင် ဒေသထွက်ကုန်များ ဈေးကျနေသဖြင့် တွက်ခြေမကိုက်ကြောင်း တောင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကွမ်းသီးအမှည့်တစ်လုံးလျှင် ၁၃၀ ကျပ်ခန့်၊ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းခွဲခန့်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအမှည့်တစ်လုံးကို ၅၀၊ ၆၀ ကျပ်သာရရှိပြီး ကွမ်းသီးခြောက်မှာ တစ်ပိဿာလျှင် ၁၁၀၀၀ ခန့်သာ ရရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် တောင်သူများက ဆိုသည်။
စပါးဈေးမှာလည်း ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါး တစ်တင်းလျှင် ၁၅၀၀၀ ကျပ်အထိ စျေးရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်တင်းလျှင် ၈၀၀၀၊ ၉၀၀၀ ကျပ်ခန့်သာ စျေးရကြောင်း လယ်သမားအချို့က ပြောဆိုသည်။
ရော်ဘာဈေးမှာလည်း ရော်ဘာပြား တစ်ပေါင်လျှင် ပြီးခဲ့သည့်နှစ်က ၃၁၀၀ ကျပ်ဝန်းကျင် ရရှိခဲ့ပြီး ယခုနှစ်တွင် ၂၅၀၀ ကျပ် ခန့်သာ ရရှိကြောင်း သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ရော်ဘာခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့အနားမှာ တံတားတွေ၊ လမ်းတွေကို စစ်တပ်က ဘတ်ဟိုးနဲ့ထိုးဖြိုထားတော့ ပိုဆိုးတယ်။ ဝယ်သမားတွေ ဝင်လာမရလို့ ဝင်လာတဲ့သူရှိရင် ပေးတဲ့ဈေးနဲ့ ရောင်းထုတ်နေရတယ်။ ပြီးခဲ့တဲ့အပတ်က ရောင်းတာ ရော်ဘာပြားတွေ မလှလို့ဆိုပြီး ၂၃၀၀ ဈေးပဲရတယ်” ဟု ၎င်းက ပြောသည်။
ဒေသထွက်ကုန်များ စျေးမရသဖြင့် ထုတ်လုပ်မှုစရိတ်၊ အလုပ်သမားငှားရမ်းခများဖြင့် နှိုင်းစာလျှင် တွက်ခြေမကိုက်ဖြစ်နေကြောင်း တောင်သူများက ပြောဆိုကြသည်။
အလုပ်သမားတစ်ဦး နေ့စားခမှာ တစ်ရက်လျှင် ၃၀၀၀၀ ကျပ်ပေးရပြီး လက်ရှိ ကွမ်းသီးခြောက်ဈေးမှာ ၁၁၀၀၀ ကျပ်သာရှိသဖြင့် တွက်ခြေမကိုက်ကြောင်း သရက်ချောင်းမြို့နယ်မှ အဝယ်တော်အမျိုးသမီးတစ်ဦးက ဆိုသည်။
“တောင်သူတွေမှာ အခက်အခဲတွေ ချည်းတွေပဲ။ အလုပ်သမား ငှားမရတာက တစ်မျိုး၊ ကွမ်းသီး ဈေးမရှိတာကတစ်မျိုး၊ စစ်ကြောင်းဝင်လာရင် ပြေးရလွှားရတာက တစ်မျိုး ဒုက္ခအမျိုးမျိုးပဲ”ဟု ၎င်းက ပြောသည်။
ရော်ဘာ၊ ကွမ်းသီး၊ စပါးဈေးကျနေခြင်းမှာ နိုင်ငံခြားအဝယ်နည်းနေခြင်း၊ ပွဲရုံများတွင် ပစ္စည်းလက်ကျန်များနေခြင်း၊ ဘဏ်တွင် ငွေထုတ်ယူရာ၌ အကန့်အသတ်ရှိနေခြင်းစသည့် အချက်များကြောင့်ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။
“နယ်စပ်ထွက်ပေါက်မရှိဘူး။ အားလုံးပိတ်နေတယ်။ လက်ရှိလုပ်နေတဲ့လူတွေက အဆင်ပြေသလိုလုပ်နေကြတာ။ ရော်ဘာကို အရင်တုန်းက နိုင်ငံခြားစက်ရုံတွေက တအားဝယ်တယ်။ အခုက စက်ရုံတွေက မဝယ်တော့ဘူး။ တစ်လလိုရင် တစ်လပဲဝယ်။ ပစ္စည်းတွေက နယ်စပ်ဂိုဒေါင်တွေမှာ ပုံနေတယ်။ အော်ဒါနည်းလို့ခင်ဗျာ”ဟု ထားဝယ်မြို့က ရော်ဘာပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောဆိုသည်။
တိုင်းအတွင်းက ထွက်သည့် ဆန်စပါးကို တိုင်းပြင်ပကိုတင်ပို့မရသဖြင့် စပါးဈေးကျလာတာဖြစ်ပြီး စပါးဈေးကောင်းမရသဖြင့် ထွန်ခ၊ ရိတ်ခြွေခ၊ အလုပ်သမားခများ နုတ်ပါက လယ်သမားများ အရှုံးပေါ်နေကြကြောင်း ထားဝယ်မြို့က လယ်သမားတစ်ဦးက ပြောသည်။







