ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်မီးရှို့

December 24, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် ည နေပိုင်းတွင် စစ်အာဏာရှင်တပ်က နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။

စခန်းကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် စွန်တောင်ပေါ်ကျေးရွာသို့ ရောက်ရှိပြီး ယင်းမှတစ်ဆင့် စွန်တောင်ပေါ်ကျေးရွာနှင့်တစ်ဆက်တည်းရှိသော ဖွားဘုတ်ပြင်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ဖွားဘုတ်ပြင်ရွာသို့ ရောက်ရှိချိန် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး ယင်းနောက် အဆိုပါစစ်ကြောင်းမှာ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းကျေးရွာကြားတွင် တစ်ညလုံးကင်းပုန်းဝပ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင်မူ စွန်တောင်ပေါ်ကျေးရွာ အနီးဝန်းကျင်သို့ ပြန်လည် ဆုတ်ခွာလာကြောင်း ၎င်းက ပြောဆိုသည်။

“ကင်းပုန်းဝပ်နေချိန်မှာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညက ဆင်ပုနစ်၊ မြို့ဟောင်း (ရွာ) က ဒေသခံတွေ ထွက်ပြေးကြရတယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်တာမျိုးတော့မရှိဘူး။ ဒီမနက် ဆုတ်သွားတယ်ဆိုပေမယ့် ကင်းပုန်းဝပ်ပြီး ကျန်နေတာမျိုးတော့ ရှိနိုင်သေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်တွင် တောရှည်ကျေးရွာရှိ ၁၀၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းမှာ စခန်းကြီးကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်စဉ် လက်နက်ကြီးကျည်တစ်လုံးမှာ စခန်းကြီးကျေးရွာအတွင်းရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၁၃ နှစ်အရွယ်ရှိ ယောင်္ကျားလေး တစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်ဆောင်ပျက်စီးခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းမှာ စခန်းကြီးကျေးရွာတွင်းသို့ ရောက်ရှိကာ ဒေသခံပြည်သူ အချို့ကိုလည်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ယင်းနောက် စခန်းကြီးကျေးရွာတစ်ရွာလုံးနီးပါး လူနေအိမ်များကို မွှေနှောက်ရှာဖွေကာ အဖိုးတန်အသုံးအဆောင် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“အိမ်တွေကို မွှေနှောက် ရိက္ခာတွေယူ၊ ဆိုင်ကယ်တွေလည်း တော်တော်များများပါသွားတယ်၊ ရော်ဘာပြားတွေကို လည်း သယ်သွားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းသို့ မွှေနှောက်ပြီးနောက် ဖမ်းဆီးထားသည့် ဒေသခံများကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းမှာ ယနေ့ စခန်းကြီးကျေးရွာအုပ်စုအတွင်း၌ပင် ရှိနေဆဲဖြစ်ပြီး အနည်းဆုံး ကျေးရွာလေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောကြားသည်။