ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယူကေကျောင်းသားဗီဇာတင်းကျပ်မှု ကမ္ဘာနှင့်ချီ ရိုက်ခတ်

December 24, 2025

ကျောင်းသားဗီဇာ အလွဲသုံးစားပြုမှုများအပေါ် ဗြိတိန်အစိုးရ၏ ပြင်းပြင်းထန်ထန် ကိုင်တွယ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးလမ်းကြောင်းများ ရိုက်ခတ်ပြောင်းလဲလာကြောင်း CNA က ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖော်ပြလိုက်သည်။

ယင်းသို့တင်းကျပ်လိုက်မှုကြောင့်ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပညာသင်လိုသည့် ကျောင်းသားအချို့မှာ ယူကေတက္ကသိုလ်များသို့ တက်ရောက်ခွင့် မရတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။

ယူကေသို့ ကျောင်းသားဗီဇာလျှောက်ထားသူများသည် ကျောင်းတက်ရန် အမှန်တကယ် ရည်ရွယ်သည့် ကျောင်းသားများဖြစ်စေရေး ဗြိတိန်အစိုးရက တက္ကသိုလ်များအပေါ် စည်းမျဉ်းပိုတင်းကျပ်စွာ သတ်မှတ်လိုက်ပြီးနောက် ယခုကဲ့သို့ အခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

စက်တင်ဘာလတွင် စတင်အသက်ဝင်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းအသစ်အရ တက္ကသိုလ်များအနေဖြင့် ၎င်းတို့ထောက်ခံပေးသည့် ကျောင်းသားဗီဇာလျှောက်ထားမှုများအနက် ငြင်းပယ်ခံရမှုနှုန်း ၅ ရာခိုင်နှုန်းထက် မပိုစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းကြောင့် တက္ကသိုလ်များမှာ လျှောက်ထားသူများကို ကျောင်းဝင်ခွင့်ပေးရာတွင် ပိုမိုတင်းကျပ်စွာ စိစစ်ရမည့် သဘောဖြစ်သည်။

သို့သော်လည်း ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လျှောက်ထားသူများ၏ ဗီဇာငြင်းပယ်ခံရမှုနှုန်းမှာသိသိသာသာ ပိုမိုမြင့်မားနေသည်။

ပါကစ္စတန်ကျောင်းသားများ၏ ကျောင်းသားဗီဇာ ငြင်းပယ်ခံရမှုနှုန်းက ၁၈ ရာခိုင်နှုန်းရှိပြီး ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ၏ ကျောင်းသားဗီဇာ ငြင်းပယ်ခံရမှုနှုန်းက ၂၂ ရာခိုင်နှုန်း ရှိသည်။

ယူကေသို့ ပြောင်းရွှေ့ဝင်ရောက်နေထိုင်ရန် လမ်းကြောင်းတစ်ခုသဖွယ် ကျောင်းသားဗီဇာများကို ပိုမိုအသုံးချလာကြသည်ဆိုသော ယူဆချက်များ မြင့်တက်လာပြီးနောက် ယခုကဲ့သို့ ကန့်သတ်ချက်များ တင်းကျပ်လာခြင်းဖြစ်သည်။

ဗြိတိန်အစိုးရ၏ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၄ ခုနှစ်အတွင်း ကျောင်းသားဗီဇာဖြင့် ဗြိတိန်သို့ ဝင်ရောက်လာသူပေါင်း ၁၆,၀၀၀ ခန့်သည် နောက်ပိုင်းတွင် ဒုက္ခသည်ခိုလှုံခွင့် လျှောက်ထားခဲ့ကြကြောင်း သိရသည်။

ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခိုလှုံခွင့်တောင်းခံသူ ၈၀ ရာခိုင်နှုန်းကျော်သည် အစောပိုင်းတွင် အလုပ်လုပ်ရန် သို့မဟုတ် ပညာသင်ကြားရန်အတွက် တရားဝင်ဗီဇာများဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စသည် ဗြိတိန်တွင် နိုင်ငံရေးအရ အကဲဆတ်သော အခြေအနေဖြစ်လာသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြသည်။

Source: CNA