ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရေတာသန်းဘတ်အား အာမခံဖြင့် ပြန်လွှတ်

December 24, 2025

ဓာတ်ပုံ - Reuters

လန်ဒန်မြို့တွင် ပါလက်စတိုင်းအရေးထောက်ခံဆန္ဒပြပွဲတစ်ခုအတွင်း ထိန်းသိမ်းခံလိုက်ရသည့် ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရေတာသန်းဘတ်အား အာမခံဖြင့် ပြန်လွှတ်လိုက်ကြောင်း ယူကေအာဏာပိုင်များက ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

သူမအား လာမည့် မတ်လအထိ အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း လန်ဒန်မြို့ရဲတပ်ဖွဲ့က ဆိုသည်။

အင်္ဂါနေ့က လန်ဒန်မြို့ ဆန္ဒပြပွဲအတွင်း “Palestine Action အကျဉ်းသားများကို ကျွန်ုပ် ထောက်ခံသည်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျွန်ုပ် ဆန့်ကျင်သည်” ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ဆန္ဒပြသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Prisoners for Palestine တက်ကြွလှုပ်ရှားသူအဖွဲ့က ဆိုသည်။

ဗြိတိန်အစိုးရက Palestine Action အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်သတ်မှတ်ပိတ်ပင်ထားသည်။

ဗြိတိန်အစိုးရ၏ အဆိုပါ လုပ်ရပ်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။

အင်္ဂါနေ့က ဆန္ဒပြပွဲအတွင်း အဆောက်အအုံတစ်ခုကို အနီရောင်ဆေးများ ပက်ဖျန်းခဲ့သည့် အခြားသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယင်းအဆောက်အအုံသည် အစ္စရေးစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့် ဆက်နွှယ်သည့် အာမခံကုမ္ပဏီတစ်ခု၏ ရုံးခန်း ဖြစ်သောကြောင့် ဆန္ဒပြသူများက ပစ်မှတ်ထားခြင်းဖြစ်ကြောင်း Prisoners for Palestine အဖွဲ့က ဆိုသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရေတာသန်းဘတ်သည် ၂၀၁၈ ခုနှစ်တွင် ဆွီဒင်လွှတ်တော်ရှေ့၌ ရာသီဥတုဖောက်ပြန်မှုအရေး အပတ်စဉ် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ရာမှ လူသိများ ထင်ရှားလာခဲ့သူ ဖြစ်သည်။

Source: Reuters ၊ Sweden Herald