ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သမိုင်းတပတ် အလည်ခံမလား၊ ဖောက်ထွက်ကြမလား

December 24, 2025

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် တော်တော်လေး စိတ်မောစရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ ‘စစ်တပ်ဟာ ပြိုလဲလုနီးပါး ဖြစ်တိုင်း ဘာလို့ ပြန်ရှင်လာသလဲ’ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းဟာ ဒီနေ့ခေတ် နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကာလမှာ ကျွန်တော်တို့အားလုံး အလေးအနက် စဉ်းစားရမယ့်အချက် ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်၊ ၁၉၄၉ ခုနှစ်ဝန်းကျင်ကို ပြန်သွားကြည့်ရအောင်ပါ။ အဲဒီအချိန်က ဖဆပလအစိုးရဟာ ရန်ကုန်မြို့တစ်ဝိုက်ကိုပဲ စိုးမိုးထားနိုင်တဲ့အထိ အခြေအနေ ဆိုးရွားခဲ့ဖူးပါတယ်။ ကွန်မြူနစ်တွေ၊ ကရင်တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အောက်မှာ အစိုးရစစ်တပ်ဟာ တကယ့်ကို သေလုမြောပါး ဖြစ်ခဲ့တာပါ။ လူတွေက ‘ရန်ကုန်အစိုးရ’ လို့တောင် ပြောင်လှောင်ခေါ်ခဲ့ကြတယ်။ စစ်ရေးအမြင်အရ ကြည့်ရင် စစ်တပ်ဟာ ကျဆုံးဖို့ သေချာသလောက်ပါပဲ။

ဒါပေမဲ့ သမိုင်းက မျက်လှည့်ပြလိုက်သလိုပါပဲ။ အဲဒီအကျပ်အတည်းထဲကနေ စစ်တပ်က ပြန်ပြီး နာလန်ထူလာတယ်။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ခဲ့တာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပေမဲ့ မေ့ထားလို့မရတဲ့ အချက်ကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ‘ညီညွတ်မှု ပျက်ပြားခြင်း’ပါ။

ဟိုကတစ်ဖွဲ့၊ ဒီကတစ်ဖွဲ့ စုစည်းမှုမရှိဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သံသယတွေ၊ နယ်မြေလုမှုတွေ ဖြစ်နေတဲ့ အားနည်းချက်ကို စစ်တပ်က ကောင်းကောင်းအသုံးချသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အေးကာလ နိုင်ငံရေးအခြေအနေအရ ကွန်မြူနစ်ကြောက်တဲ့ အနောက်အုပ်စုရဲ့ အကူအညီတွေကလည်း စစ်တပ်ကို အသက်ဆက်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီကစလို့ စစ်တပ်ဟာ နိုင်ငံကို အလုံးစုံချုပ်ကိုင်ပြီး ပြည်သူကို နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့တာ ဒီနေ့အထိပါပဲ။

ဒီသမိုင်းကို ဘာလို့ ပြန်ပြောနေရသလဲဆိုတော့ ဒီနေ့အခြေအနေက အဲဒီအချိန်နဲ့ အရမ်းဆင်တူနေလို့ပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ အထူးခြားဆုံးပါ။ ဗမာလူမျိုးတွေကိုယ်တိုင် ပါဝင်လာတဲ့ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်တွေရဲ့ အိပ်မက်ဆိုး ဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၃ ခုနှစ်နှောင်းပိုင်း ‘၁၀၂၇ စစ်ဆင်ရေး’ ဟာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ရိုက်ချိုးလိုက်ပါတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေဟာ နောက်ပြန်ဆုတ်သလို ဖြစ်နေပြန်ပါတယ်။ ရှမ်းမြောက်က မြို့အချို့ကို စစ်တပ်က ပြန်ယူဖို့ ကြိုးစားနေသလို၊ တရုတ်နိုင်ငံရဲ့ နောက်ကွယ်က အကူအညီတွေနဲ့ စစ်တပ်ဟာ သူတို့မှာ ထွက်ပေါက်ရှိသေးတယ်ဆိုတာကို ပြနေပါတယ်။ ‘အတုအယောင် ရွေးကောက်ပွဲ’ ဆိုတာကလည်း သူတို့အတွက် နိုင်ငံတကာမျက်နှာစာမှာ အသက်ရှူပေါက်ရအောင် ဖန်တီးနေတဲ့ ဗျူဟာတစ်ခုပါပဲ။

ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအင်အားစုတွေ ဘာလုပ်နိုင်မလဲ။ တကယ်ကျ စစ်တပ်ရဲ့ အားသာချက်က လက်နက်မဟုတ်ပါဘူး၊ သူတို့ရဲ့ ‘တစ်သွေးတစ်သံတစ်မိန့်’ (Unified Command and Control – CoC) ဆိုတဲ့ စုစည်းမှုပါ။ စစ်တပ်ထဲမှာ အမိန့်မနာခံရင် သေနတ်နဲ့ပစ်မယ်ဆိုတဲ့ ‘ကြောက်စိတ်’ နဲ့ စုစည်းထားတာပါ။ ကျွန်တော်တို့ တော်လှန်ရေးဘက်မှာတော့ အဲဒီစုစည်းမှုကို ‘ယုံကြည်မှု’ နဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘောလုံးပွဲတစ်ခုကို ဥပမာပေးချင်ပါတယ်။ ပွဲမစခင် နားနေဆောင်ထဲမှာတော့ နည်းပြနဲ့ ကစားသမားတွေဟာ “ငါကတော့ ဘယ်လိုကစားချင်တယ်၊ မင်းရဲ့အစီအစဉ်ကတော့ မကောင်းဘူး” ဆိုပြီး ကြိုက်သလို ငြင်းခုံလို့ ရပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ သဘောသဘာဝပါ။ ဒါပေမဲ့ ကွင်းထဲရောက်လို့ ခရာမှုတ်လိုက်ပြီဆိုတာနဲ့ အခြေအနေက ပြောင်းသွားပါပြီ။ အသင်းခေါင်းဆောင်က “ပြေး” ဆိုရင် ပြေးရမယ်၊ “ဘောလုံးပေး” ဆိုရင် ပေးရပါမယ်။ ရန်သူက ကိုယ့်ဂိုးပေါက်ကို လာနေချိန်ကျမှ “နေဦး… ငါ မပြေးချင်ဘူး၊ မဲခွဲဆုံးဖြတ်ရအောင်” လို့ လုပ်လို့မရတော့ပါဘူး။ အဲဒီအချိန်မှာ လိုအပ်တာက ‘စည်းလုံးညီညွတ်မှုနဲ့ အမိန့်နာခံမှု’ ပါပဲ။

ဒီလိုမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တကွဲတပြားဆိုရင်တော့ စစ်တပ်က တစ်နေရာချင်းစီကို အင်အားသုံးပြီး ချေမှုန်းသွားနိုင်ပါတယ်။ CoC ရဲ့ နောက်ထပ်အားသာချက်က အရင်းအမြစ် စီမံခန့်ခွဲမှုပါ။ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာတွေကို လိုအပ်တဲ့ စစ်မျက်နှာဆီ အချိန်မီ ပေးပို့နိုင်ဖို့ဆိုတာ ဗဟိုကွပ်ကဲမှုစနစ်မရှိရင် မဖြစ်နိုင်ပါဘူး။

နောက်တစ်ခါ နိုင်ငံတကာအနေနဲ့လည်း ကူညီချင်ရင်တောင် တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုတည်းဆီကိုပဲ ဆက်သွယ်ချင်ကြတာပါ။ ဒါကို ချုပ်ပြောရရင် စစ်တပ်ရဲ့ အားသာချက်ဟာ လက်နက်အင်အားမဟုတ်သလို တော်လှန်ရေးရဲ့ အားနည်းချက်ဟာလည်း လက်နက်အင်အားမဟုတ်ပါဘူး။ စုစည်းနိုင်မှုပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ဟာ CoC တစ်ခုတည်းအောက်ကနေ သွားဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဆိုပြီး ဖွဲ့စည်းလိုက်တာဟာ အားတက်စရာကောင်းတဲ့ ခြေလှမ်းပါ။ ဒါဟာ တော်လှန်ရေးရဲ့ အရွေ့တစ်ခုပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ PDF တွေ၊ LDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ရာနဲ့ချီ ရှိနေပါသေးတယ်။

အခုထက်ပိုပြီး စုစည်းညီညွတ်တဲ့၊ ခိုင်မာတောင့်တင်းတဲ့ စုဖွဲ့မှုတွေ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ နယ်မြေကိစ္စလေးတွေ၊ အဖွဲ့အချင်းချင်း သဘောထားကွဲလွဲမှုလေးတွေမှာပဲ အချိန်ကုန်နေမယ်ဆိုရင် သမိုင်းဆိုးက နောက်တစ်ခေါက် ပြန်ဝင်လာမှာကို စိုးရိမ်ရပါတယ်။

စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံရေးအရ တညီတညွတ်တည်း ဆန့်ကျင်နိုင်ဖို့၊ စစ်ရေးအရလည်း တစ်ဖွဲ့တည်းမဟုတ်ဘဲ မဟာမိတ်တွေ စုပေါင်းပြီး ခုခံတိုက်ခိုက်နိုင်ဖို့ဆိုရင် အဓိက လိုအပ်နေတာက ‘ယုံကြည်မှု’ နဲ့ ‘သည်းခံခွင့်လွှတ်မှု’ ပါ။ အစုအဖွဲ့စွဲ၊ နယ်မြေစွဲဆိုတဲ့ အသေးအဖွဲ ကိစ္စလေးတွေကို ကျော်လွှားပြီး ဘုံရန်သူကို အနိုင်ယူမယ့် ပန်းတိုင်တစ်ခုတည်းကိုပဲ မျက်ခြည်မပြတ် ကြည့်စေချင်ပါတယ်။

သမိုင်းတပတ်လည်ပြီး စစ်တပ် ပြန်ရှင်လာစေမယ့်လမ်းကို ရွေးမလား၊ ဒါမှမဟုတ် အားလုံးက တညီတညွတ်တည်း စနစ်တကျ စုစည်းမိပြီး အောင်ပွဲဆီကို ဖောက်ထွက်မလား။

အဲဒီမေးခွန်းတွေ အတွက် ထူးထူးထွေထွေ ငြင်းခုံ အဖြေရှာနေစရာ မလိုပါဘူး။ အားလုံးမှာ အဖြေရှိပါတယ်။

သံယံ