BREAKING
November 25, 2025

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ် ၆၀ကျော်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

November 24, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းဘေးက မင်းဒပ်ရွာကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာလ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးရာ အရပ်သားနေအိမ် ၆၁ လုံး ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ကျေးရွာအတွင်း ဒေသခံများ သွားရောက်ကြည့်ရှု နေအိမ် ၆၁ လုံး မီးရှို့ခံထားရသည်ကို တွေ့ရှိ့ကြောင်း မင်းဒပ်ရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“(မီးရှို့ခံရတာမှာ) ကျွန်မတို့အိမ်လည်း ပါတယ်။ အိမ်တစ်လုံးရဖို့ မနည်းကြိုးစားထားရတာ။ အခုမီးရှို့ခံရတဲ့ အိမ်တွေ အတော်များများက ထိုင်းနိုင်ငံမှာ သွားလုပ်စားကြပြီး ဆောက်ထားတဲ့ အိမ်တွေချည်းပဲ။ ကျွန်မလည်းငို ကျွန်မအမေတို့လည်း ငိုပဲ” ဟု ၎င်းက ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက် နံနက် နံနက်တွင် ဘုတ်တောင်မှတစ်ဆင့် သရက်ချောင်းမြို့နယ် အထက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝဲရစ်ရွာနှင့် ကမြိုင်ရွာကြားတွင် တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၂၃ ရက်တွင် နံနက် ၈ နာရီခန့်မှ ညနေပိုင်းအထိ မင်းဒပ်ရွာက အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်မှ စတင်ကာ ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေပြီး PDF ၊ KNLA စစ်ဆေးရေးဂိတ် အချို့နှင့် အရပ်သားနေအိမ် ရာနှင့်ချီကို မီးရှို့ဖျက်ဆီးခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်တွင် လဘရွာက နေအိမ် ၃၉ လုံး၊ နိုဝင်ဘာလ ၉ ရက်တွင် ချောက်ချောင်းရွာက နေအိမ် ၄၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်မှာ သိမ်ကုန်းရွာက နေအိမ် သုံးလုံးခန့်၊ ကတွဲရွာက နေအိမ် တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။