BREAKING
November 25, 2025

မြိတ်မြို့မအားကစားကွင်းအရှေ့ဆိုင်ခန်းများကို စာချုပ်မပြည့်မီ အဓမ္မဖယ်ခိုင်း

November 24, 2025

ပုံစာ - မြိတ်မြို့မအားကစားကွင်းရှေ့ရှိ ဆိုင်ခန်းများကို တွေ့ရစဉ်(ပုံဟောင်း)

မြိတ်မြို့မအားကစားကွင်းအရှေ့တွင်ရှိသည့် ဆိုင်ခန်းတွဲများကို စစ်ကော်မရှင်လက်အောက်ခံ အားကစားဝန်ကြီးဌာနက အပြီးတိုင်ဖယ်ရှားခိုင်းနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

အဆိုပါအားကစားကွင်းအရှေ့တွင် ဆိုင်ခန်းပေါင်း ၃၀ နီးပါးရှိပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် အားကစားဦးစီးဌာနထံက အကြောင်းကြားစာပေးပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောဆိုသည်။

နှစ်ရှည်စာချုပ်ဖြင့်ဝယ်ထားပြီးမှ ယင်းကဲ့သို့ အပြီးတိုင်ဖယ်ရှားခိုင်းခြင်းကြောင့် ဆိုင်ခန်းပိုင်ရှင်ပြည်သူများ နစ်နာရကြောင်း ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“အစိုးရပိုင်တဲ့နေရာဆိုပေမယ့် အဲဒီအစိုးရတွေကပဲ ကြည်ကြည်ဖြူဖြူနဲ့ ရောင်းချခဲ့ပြီး အခုက နှစ်မပြည့်‌သေးဘဲ ရုတ်တရက် ဖယ်ရှားခိုင်းတာကတော့ တရားလွန်တယ်ဗျာ။ ဝယ်ထားရတာ စက္ကူနဲ့ မဟုတ်ဘူး၊ ငွေသားနဲ့ဗျ။ အငှားဆိုင်ခန်းတွေက ကိစ္စမရှိပေမယ့် နှစ်ချုပ်နဲ့ဝယ်ထားတဲ့သူတွေက နစ်နာတယ်” ဟု ၎င်းက ပြောသည်။

ဆိုင်ခန်းနေရာများကို နှစ် ၃၀ စာချုပ်ဖြင့် ရောင်းချထားပြီး နှစ်ပြည့်ရန်အတွက် လေးနှစ်နီးပါးလိုသေးကြောင်း ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဆိုင်ခန်းဖယ်ပေးဖို့ အကြောင်းကြားစာရတာကတော့ တစ်ပတ်လောက်တော့ရှိပြီ။ ဖယ်ပေးဆိုတော့လည်း ဖယ်ပေးရတာ ပေါ့နော်။ ဒီဆိုင်ခန်းနေရာမှာ ရောင်းလာတာ ဆယ်စုနှစ်တစ်ခုလောက်တော့ရှိပြီ။ စိတ်ထဲတော့ မကောင်း‌ဘူးပေါ့ရှင်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဆိုင်ခန်းများကို ဖယ်ရှားရာတွင်လည်း နစ်နာကြေးတစ်စုံတစ်ရာ ပြန်ပေးရန်လည်း မပြောခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့ထံမှ သိရသည်။

အထက်ပါဆိုင်ခန်းတွဲ နေရာများကို ဖြိုဖျက်ပြီး မြို့မအားကစားကွင်းကို တိုးချဲ့ဆောက်လုပ်သွားမည်ဟုသိရကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါဆိုင်ခန်းများတွင် အထည်ဆိုင်များ၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်အရောင်းဆိုင်များ၊ မျက်မှန်ဆိုင်နှင့် အစားအသောက်‌ ရောင်းချသည့် ဆိုင်များရှိသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မြိတ်မြို့သို့ လာရောက်ချိန်က မြိတ်မြို့မ အားကစားကွင်းတိုးချဲ့ရန်နှင့် မြိတ်လေယာဉ်ကွင်း တိုးချဲ့ရန် ပြောဆိုခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။