တစ်ပတ်ကျော်ကြာ ပိတ်ထားသည့် ထားဝယ်-မြိတ်ကားလမ်းကို ယနေ့(နိုဝင်ဘာ ၂၄) မွန်းလွဲ ၁၂ နာရီခွဲတွင် လမ်းပြန်ဖွင့်ပေးလိုက်သဖြင့် မြိတ်ဘက်ကိုဆင်းသည့်ကားများ သွားလာနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
“မြိတ်ဘက်ကိုဆင်းတဲ့ အဆင်းကားတွေတော့ အခုထွက်ခွာကုန်ပြီ။ ပလောက်ကနေ တက်လာတဲ့ အတက်ကားတွေကိုတော့ အခုထိမတွေ့ရသေးဘူး” ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ် ချောက်ချောင်းရွာမှ ဘုတ်တောင်၊ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ ထားဝယ်-မြိတ်သွားကားလမ်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်ခန့်မှ ၂၄ ရက်အထိ ၉ ရက်ခန့်ကြာ ပိတ်ထားခဲ့သည်။
ယင်းကြောင့် ချောက်ချောင်းမှ ဆင်ထိုးကြီးအထိ ကားအစီးရေရာချီနှင့် ခရီးသည်ရာချီမှာ တစ်ပတ်ကျော်ကြာပိတ်မိနေပြီး ယနေ့ မွန်းလွဲပိုင်းမှ ဖြတ်သန်းခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့နှင့် ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးက ပြောသည်။
“ဘယ်ဘက်ကဖွင့်ပေးလိုက်တာလဲတော့ ကျွန်တော်လည်းမသိဘူး၊ အခုကျွန်တော်တို့ကားတွေလည်း စထွက်နေပြီ ရှေ့မှာလည်း ပစ်ခတ်သံတွေကြားနေရတယ်။ ကားတွေကတော့ တစ်စီးနောက်ကနေ တစ်စီးမှေးပြီးလိုက်နေကြတယ်” ဟု ပြင်းဖြူကြီးတွင် ပိတ်မိနေသည့် ကုန်ကားနောက်လိုက် စပယ်ယာ အမျိုးသားတစ်ဦးက ပြောသည်။
ထားဝယ်မှ မြိတ်သို့ဆင်းသည့် အဆင်းကားများသာ တွေ့နေရပြီး ဆင်ထိုးကြီးတွင် ပိတ်မိနေသည့် ကားများ ထားဝယ်ကို အတက်မရသေးကြောင်း ဆင်ထိုးကြီးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
“ဆင်ထိုးကြီးဘက်မှာ ပိတ်မိနေတဲ့ ကားတွေကို အခုထိတော့ မလွတ်သေးဘူး၊ ကားသမားတွေကတော့ ထွက်ခွာဖို့ လှုပ်စိလှုပ်စိဖြစ်နေကြပြီ” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
အင်အား ၂၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူးရွာမှ ဘုတ်တောင်အထိ အောက်တိုဘာလ ၂၁ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်အထိ စစ်ကြောင်းထိုးနေပြီး PDF စစ်ဆေးရေးဂိတ်တစ်ခုနှင့် KNLA စစ်ဆေးရေးဂိတ်သုံးခု၊စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းအပြင် လဘ၊ ချောက်ချောင်း၊ သိမ်ကုန်း၊ ကတွဲ၊ မင်းဒပ်ရွာက အရပ်သားနေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များကို မွှေနှောက်ရှာဖွေခြင်း၊ ဆိုင်ကယ်၊ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်းယူဆောင်ခြင်း၊ လမ်းတွင်တွေ့သည့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခြားတစ်နေရာရောက်မှ ပြန်လွှတ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။







