BREAKING
December 3, 2025

ယူကရိန်းစစ်ရပ်စဲရေး ကနဦး အစီအစဉ်မူကြမ်းကို မွမ်းမံလိုက်ပြီဟု ကန်နှင့်ယူကရိန်းပြော

November 24, 2025

ပုံစာ - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို။ ဓာတ်ပုံ - AP

ထရမ့်အစိုးရက ကနဦး အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ယူကရိန်းစစ်ရပ်စဲရေး အစီအစဉ် မူကြမ်းကို ပြင်ဆင်မွမ်းမံလိုက်ပြီဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်းကဆိုသည်။

အဆိုပါ ကနဦးမူကြမ်းနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် မည်သည့်အချက်များကို မွမ်းမံပြင်ဆင်လိုက်ကြောင်း အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိပေ။

ရုရှားရန်မှ ယူကရိန်း၏ လုံခြုံရေးကို မည်သို့ အာမခံကာကွယ်ပေးမည်ဆိုသောအချက် အပါအဝင် အခြားဖြေရှင်းရမည့် ပြဿနာများနှင့် ပတ်သက်၍ အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မပြုသေးပေ။

တနင်္ဂနွေနေ့က ဂျီနီဗာဆွေးနွေးပွဲသည် အင်မတန် အကျိုးဖြစ်ထွန်းပြီး လာမည့်ရက်များတွင်လည်း ယင်းကိစ္စကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမေရိကန်နှင့် ယူကရိန်း၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

ကနဦး ထရမ့်အစိုးရ အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းသည် ရုရှားဘက်ကို အလွန်အကျွံ လိုက်လျောလွန်းသည်ဟု ယူကရိန်းနှင့် မဟာမိတ်များက ရှုမြင်သည်။

အသစ်ပြင်ဆင်မွမ်းမံလိုက်သည့် ငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ပါဝင်ကြောင်း အိမ်ဖြူတော်၏ သီးခြားထုတ်ပြန်ချက်က ဆိုသည်။

ယင်းငြိမ်းချမ်းရေးအစီအစဉ်သစ်သည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားများကို ထင်ဟပ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကလည်း ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်သစ်တွင် နေတိုး၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးစရာ အချက်များ ကျန်ရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုသည်။

ဂျီနီဗာဆွေးနွေးပွဲရလဒ်အရ ထရမ့်အစိုးရ ကနဦးအဆိုပြုသည့် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် မဖြေရှင်းရသေးသည့် ပြဿနာများစွာကို လျှော့ချနိုင်ခဲ့ကြောင်း မာကိုရူဘီယိုက ပြောသည်။

Source: Reuters