လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ ပြန်လည်မစုဖွဲ့နိုင်ရေးနှင့် ဂါဇာတွင် ဟားမတ်စ်အဖွဲ့ ပြန်လည်မစုဖွဲ့နိုင်ရေးအတွက် လိုအပ်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက နိုဝင်ဘာလ ၂၃ ရက်က ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစ္စရေးက အိမ်နီးချင်း လက်ဘနွန်ရှိ စစ်ရေးပစ်မှတ် အမြောက်အမြားကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့တွင် ထုတ်ပြန်သည်။
စနေနေ့က ပြုလုပ်ခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူ ၂၁ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဒါဇင်နှင့်ချီ ရှိခဲ့ကြောင်း ဂါဇာအရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် ဂါဇာအပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကြောင်း အစ္စရေးနှင့် ဟားမတ်အကြား အပြန်အလှန် စွပ်စွဲလျက် ရှိသည်။
“ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်ဝါဒကို စစ်မျက်နှာပေါင်းများစွာကနေ ဆက်လက်တိုက်ခိုက်နေမှာ ဖြစ်ပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက တနင်္ဂနွေနေ့က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ဒီသီတင်းပတ်အကုန်မှာ အစ္စရေးစစ်တပ်က လက်ဘနွန်ကို တိုက်ခိုက်ခဲ့ပြီး၊ ဟစ်ဇဘိုလာအဖွဲ့အနေနဲ့ ကျွန်တော်တို့အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိလာမယ့် ပြန်လည်စုဖွဲ့တည်ဆောက်တာမျိုး မလုပ်နိုင်အောင် လိုအပ်တဲ့ အရာအားလုံးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ဂါဇာကမ်းမြှောင်မှာလည်း ကျွန်တော်တို့ အလားတူ ဆောင်ရွက်နေပါတယ်။ အပစ်အခတ် ရပ်စဲပြီးကတည်းက ဟားမတ်စ်ဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တဲ့လုပ်ရပ်တွေ ရပ်တန့်ခဲ့တာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း အခြေအနေနဲ့ ကိုက်ညီစွာ တုံ့ပြန်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
နှစ်နှစ်ကြာ ဂါဇာစစ်ပွဲအပြီး အစ္စရေးနှင့် ဟားမတ်စ်အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၂၂ ရက်သည် လူအသေအပျောက် အများဆုံးနေ့များထဲမှ တစ်နေ့ ဖြစ်လာခဲ့သည်။
Source: AFP







