BREAKING
November 25, 2025

ရေဖြူ၊ ရာဖူးရွာရှိ စစ်အာဏာရှင်တပ်သားများကို ပစ်ခတ်တိုက်ခိုက်

November 24, 2025

ရေဖြူမြို့နယ် ၊ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် ရောက်နေသည့် စစ်အာဏာရှင်တပ်သားများကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွာသားများထံမှသိရသည် ။

နံနက် ၈ နာရီဝန်းကျင်တွင် ရွာလယ်ရှိ အိမ်များရှေ့တွင် ကင်းချကာ လမ်းပိုင်းစစ်ဆေးရန် ပြင်ဆင်နေချိန် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းရွာသားများက ဆိုသည် ။

ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းပိတ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ကားသမားများထံမှသိရသည်။

စစ်အာဏာရှင်တပ်သားများ ကျေးရွာအတွင်းဆက်ရှိနေသဖြင့် ထပ်မံလာရောက်ပစ်ခတ်ခံရပြီး တိုက်ပွဲဖြစ်မည်ကို ရွာသားများကစိုးရိမ်နေကြသည် ။

” အခြားရွာသွားရှောင်တဲ့သူလည်း ရှောင်တယ်။ မရှောင်ကြတဲ့သူကများတယ်။ ဒါပေမဲ့ ထပ်လာပစ်ကြပြီး တိုက်ပွဲဖြစ်မှာပဲ စိုးရိမ်တယ်” ဟု ရွာသားတစ်ဦး ကပြောသည်။

မလွှဲတောင်လမ်းပိုင်းရှိ စစ်အာဏာရှင် တပ်သားများသည် စက်တင်ဘာလဆန်းမှစ၍ နေရာတစ်ခုတည်းတွင် အတည်တကျ တပ်စွဲနေထိုင်ခြင်းမပြုတော့ဘဲ ရွာစဥ်လှည့်ကာ ပြောင်းရွှေ့တပ်စွဲလေ့ရှိကြောင်း ဒေသခံများကဆိုသည်။

ယင်းသို့ ရွာစဥ်လှည့်ကာ ပြောင်းရွှေ့နေရာယူရာတွင် အင်အားရာဂဏန်းပါဝင်ပြီး အရပ်သားကားများကို ချောဆွဲ၍ အရွှေ့အပြောင်းလုပ်ကြကြောင်း လမ်းပိုင်း အသုံးပြုသည့်ကားသမားထံမှသိရသည် ။

ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းတွင် ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လ တို့တွင် စစ်အာဏာရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များက အကြား စစ်ရေးတင်းမာခဲ့သေးသည်။