BREAKING
October 20, 2025

အမေရိကန်တွင် စတိုးဆိုင်မန်နေဂျာက ဝန်ထမ်းခြောက်ဦးကို သေနတ်ဖြင့်ပစ်သတ်

November 24, 2022

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မြို့တစ်မြို့၏ Walmart စတိုင်းဆိုင်မန်နေဂျာသည် နားနေခန်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များကို ယနေ့ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခြောက်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း BBC သတင်းက ဖော်ပြထားသည်။

သေနတ်ကိုင်ထားသူ မန်နေဂျာက ဝန်ထမ်းများ နားနေခန်းအတွင်း သေနတ်ဖြင့် ပစ်ခတ်နေစဉ် ရဲအရာရှိများကို ဖုန်းလှမ်းခေါ်ခဲ့သေးသည်။

ထို့နောက် ၎င်းသည် မိမိကိုယ်ကိုယ်လည်း ပစ်သတ်ခဲ့ကာ ထိုဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ချက်ဆာပိခ် မြို့နယ် အရာရှိများက ဆိုသည်။

မည်သည့်အကြောင်းရင်းကြောင့် ယခုလို ပစ်ခတ်ရသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။ ပစ်ခတ်သူမှာ အသက် ၃၁ နှစ် အရွယ် အန်ဒရီဘင်း ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ပစ္စတိုသေနတ်ကို ကိုင်ထားပြီး ကျည်ကတ်များစွာလည်း ပါကြောင်း သတင်းများက ဖော်ပြထားသည်။

ပစ်ခတ်သူသည် ညဘက်ရောင်းချရသည့်အဖွဲ့ကို ဦးဆောင်သူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကတည်းက အလုပ်ဝင်လာသူ ဖြစ်ကြောင်း Walmart ဘက်က ထုတ်ပြန်ထားသည်။

၎င်းတို့ ဝန်ထမ်းများနှင့် မိသားစုများကို ကူညီဖေးမရန် တတ်စွမ်းသမျှဆောင်ရွက်နေကြောင်း စတိုးဆိုင်ကုမ္ပဏီဘက်က ပြောကြားထားသည်။