ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကိုဗစ်ကာလ အိမ်ပေါ်ကဆင်းခဲ့ရသည့် မင်းသမီဟောင်းအမယ်အို သုံးရက်အတွင်း အလှူငွေ ကျပ်ခြောက်သိန်းနီးပါးရရှိ

November 24, 2020

ကိုဗစ်ကာလ အိမ်ခန်းခ မပေးနိုင်သဖြင့် နှင်ချခံလိုက်ရသည့် မင်းသမီးဟောင်းအား ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းသည့်အလှူငွေ ‌ကျပ်ခြောက်သိန်းနီးပါး ရရှိနေပြီဖြစ်သည်။

မင်းသမီးဟောင်း ဒေါ်သိင်္ဂီရွှေသည် ကိုဗစ်ကာလအတွင်း ဇာတ်မကရသဖြင့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း Dawei Watch မီဒီယာမှ သတင်းတင်ဆက်ပြီး သုံးရက်အကြာတွင် ယင်းအလှူငွေများကို လက်ခံရရှိခဲ့ ခြင်းဖြစ်သည်။

ယင်းသတင်း တင်ဆက်ပြီးနောက် ဒေါ်သိင်္ဂီရွှေအား ရန်ကုန်မြို့ရှိ သဘင်ဆည်းဆာ ဘိုးဘွားရိပ်သာတွင် လာရောက်နေထိုင်ရန် ခေါ်ဆောင်မည်ဟု ကမ်းလှမ်းလာခဲ့သည်။

သို့သော် သားဖြစ်သူ မင်းသားလှိုင်ဘွား ခေါင်းချသွားသည့် ထားဝယ်တွင်သာ နေထိုင်မည်ဟုဆိုကာ ဒေါ်သိင်္ဂီရွှေက ရန်ကုန်သို့ မလိုက်ခဲ့ပေ။

“ထားဝယ်သဘင်အစည်းရုံဘက်ကရော၊ ဗဟို သဘင်အစည်းအရုံးကရော အနိုင်ဆုံးကူညီပေးနေပါတယ်” ဟု ထားဝယ်မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ(ခ) ရွှေမင်းသားက ဆိုသည်။

လှူဒါန်းသူများ၏ အလှူငွေများ စာရင်း ဦးတင်မောင်ရွှေ၏ Facebook စာမျက်နှာတွင် ဖော်ပြပေးလျက်ရှိသည်။

ချွန်တွန်းပရဟိတအဖွဲ့ကိုတည် ထောင်ထားသည့် ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကလည်း ဒေါ်သိင်္ဂီရွှေအား ကူညီပေးမည်ဟု ပြောဆိုထားသည်။

ဒေါ်သိင်္ဂီရွှေတို့မိသားစုသည် အိမ်လခမပေးနိုင်သဖြင့် နိုဝင်ဘာလ ဒုတိယအပတ်ည ၁၁ နာရီအချိန်တွင် အိမ်ပေါ်က ဆင်းခဲ့ရရာ ထားဝယ်ဇာတ် သဘင်သမားများက သဘင်အစည်းအရုံးသို့ ခေါ်ယူ ကျွေးမွေးစောင့်ရှောက် ထားခဲ့ကြသည်။

ကျော်သူစိုး