စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ပုလောမြို့နယ် ပလမြို့အနီး သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၄ရက်) ညနေ ၃ နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သားများက သင်္ကန်းတောရွာရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
နေအိမ်များကို မီးမရှို့မီ သင်္ကန်းတောရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်အာဏာတပ်ဘက်မှ လက်နက်ကြီးဖြင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်အထိ ပစ်ခတ်နေကြောင်း ၎င်းတို့ကဆိုသည်။
“ရွာကို မီးရှို့နေတာ အဝေးကနေ မြင်နေရတယ်။ အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ မီးခိုးတွေ အလုံးလိုက်တက်နေတာ တွေ့ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“အရင်ကတည်းက စစ်သားတွေက သင်္ကန်းတောရွာကို ဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။ ရွာသားအချို့ ရွာထဲနေကြပေမယ့် ရှေ့တစ်ရက် နှစ်ရက်က စစ်ကြောင်းမဝင်လာခင်ကတည်းက ရှောင်နေကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း သင်္ကန်းတောရွာနှင့်အနီးတစ်ဝိုက်ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။
အောက်တိုဘာ ၁၆ ရက်နေ့ကလည်း သင်္ကန်းတောရွာနှင့် ကပ်နေသည့် တန်းရှင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်။







