လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်ချိန် ဖမ်းဆီးခံရသည့် ဒေသခံ ပြည်သူ အယောက် ၃၀ ကျော်သည် အောက်တိုဘာလ ၂၃ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသခံများကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အတွင်း ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူများမှာ သဘောဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီကျေးရွာဒေသခံများ ဖြစ်ကြသည်။
၎င်းတို့ကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီခန့်တွင် ကမ်းပနီကျေးရွာအနီးမှ ပြန်လွတ် လိုက်ကြောင်း ပြန်လွတ်လာသူတစ်ဦးနှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“အားလုံး ၃၂ ယောက်ရှိတယ်။ သူတို့ပြောပြတာကတော့ ရိုက်နှက်နှိပ်စက်တာ မရှိဘူး။ သူတို့စားသလို ကျွေးတယ်။ တိုက်ပွဲဖြစ်ရင် ဝပ်ခိုင်းတယ်” ဟု အဖမ်းခံသူ၏ ပြောဆိုချက်ကို ကိုးကားပြီး အထက်ပါအမျိုးသားက ပြောသည်။
အဆိုပါစစ်ကြောင်းတွင် အင်အား တစ်ရာနီးပါးရှိပြီး အောက်တိုဘာလ ၁၉ ရက်မှစ၍ ကျောက်ဆင်ငါးရွာအုပ်စုအတွင်း ဝင်ရောက်ပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေရာ တော်လှန်ရေးတပ်များနှင့် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းကစပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့သည်။
အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းတွင်မူ ဖမ်းဆီးထားသည့် ဒေသခံများကို ပြန်လွတ်ပြီးနောက် ကမ်းပနီကျေးရွာနှင့် ပညစ်ကျေးရွာကြားသို့ ဆက်လက် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောဆိုသည်။
“အခုက ကျွန်မတို့ ရွာနားရောက်နေတယ်လို့ကြားရတယ်။ သူတို့စစ်သင်္ဘောကလည်း ရွာနောက်က ပင်လယ်ပြင်မှာ ဒီမနက် ရှိသေးတယ်” ဟု ပညစ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းသည် လောင်းလုံးကျွန်းဆွယ်၏ ကမ်းရိုးတန်းတစ်လျှောက်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်အထိ ရှိနေခြင်းကြောင့် ကမ်းပနီနှင့် ပညစ်ကျေးရွာများမှ ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။






