BREAKING
October 24, 2025

ဇာဒီရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲပြီး လျှပ်စစ်မီးပြန်ပေးကာ ရွာသားများကို ပြန်ခေါ်၊ ရွာမပြန်ရဲဟု ရွာသားများပြော

October 24, 2025

ပုံစာ - ဇာဒီရွာ ကိုးနဝင်းစေတီ (ပုံဟောင်း)။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ် ဝင်ရောက်တပ်စွဲကာ လျှပ်စစ်မီး ပြန်ပေးပြီး ရွာသားများကို ရွာတွင်ပြန်လည်လာရောက်နေထိုင်ရန် ပြောဆိုနေကြောင်း ရွာသားများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဇာဒီရွာကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်တွင် လျှပ်စစ်မီး ပြန်ပေးကြောင်း ရွာသားများက ပြောသည်။

စစ်အာဏာရှင်တပ်သား အင်အားတစ်ရာခန့်သည် အောက်တိုဘာလ ၂၀ရက်တွင် စစ်ကြောင်းထိုး ရောက်ရှိလာပြီး ဇာဒီရွာအတွင်းရှိ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းတွင် ယနေ့ အောက်တိုဘာလ ၂၄ရက်အထိ တပ်စွဲနေထိုင်နေကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ဆိုသည်။

လျှပ်စီးမီး ပြန်ရပြီးနောက် လျှပ်စစ်နှင့် လည်ပတ်ရသည့် ဖုန်းဆက်သွယ်ရေး တာဝါတိုင်အချို့ ပြန်လည် လည်ပတ်နိုင်ပြီး ဆက်သွယ်ရေးလည်း ပြန်လည်ရရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။

“စစ်သားတွေက သူတို့ (ဝင်) နေတဲ့ အိမ်တွေလည်း လိုက်ဖွင့်နေတာပဲ။ မီးကတော့ပြန်ရနေပြီ။ ဒါပေမဲ့ ပြန်မဝင်ရဲကြဘူးလေ။ သူတို့ (စစ်အာဏာရှင်တပ်) က တပ်လာထိုင်မယ် ပြောတယ်။ အခုကာလမှ ဒီလို (လျှပ်စစ်မီး) ပြန်လာ လုပ်ပေးတော့ ရွေးကောက်ပွဲအတွက် လာမြူဆွယ်တယ်လို့ပဲ ထင်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်က လျှပ်စစ်မီး ပြန်ပေးကာ ဇာဒီရွာအနီးတပ်စခန်းထိုင်၍ ရွာသားမျာအား ပြန်ခေါ်နေသော်လည်း ရွာတွင် လမ်းပိုင်းဖြတ်တောက်ခံထားရ၍ သွားလာရေးခက်ခဲ့ခြင်း၊ မရှင်းလင်းရသေးသော မြေမြှုပ်မိုင်း အန္တရာယ်တို့ကြောင့် နေရပ် မပြန်ရဲကြသေးကြောင်း ဒေသခံများက ဆိုသည်။

“ရွာမှာ ဝင်နေလို့ရပြီဆိုရင်တောင် တိုက်ပွဲထပ်ဖြစ်ရင် အခုထက် ပိုအထိနာမှာ ကြောက်တယ်။ အခုတောင် စားနပ်ရိက္ခာက ကုန်းတစ်တန် ရေတစ်တန်နဲ့ သယ်နေရတာပဲ။ ရွာချင်းဆက် လမ်းပိုင်းတွေက အကုန်ဖြတ်ခံထားရတာ။ ပြီးတော့ လမ်းပိုင်း တွေမှာ မိုင်းတွေကျန်နေသေးတယ်” ဟု ဇာဒီကျေးရွာအုပ်စုမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကံပေါက်ရေကန်တောင်တိုက်ပွဲပြီးနောက် ဇာဒီရွာကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သဖြင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရသည်။

ကျေးရွာအတွင်း ဒေသခံအနည်းစုသာ ကျန်ခဲ့ပြီး ၎င်းတို့မှာလည်း စစ်ကြောင်းဝင်ပါက နီးစပ်ရာ တောတောင်များသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ပင် ဇာဒီရွာကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်ပြီးနောက် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။