BREAKING
October 24, 2025

တောင်ကိုရီးယားတွင် သန်းခေါင်စာရင်း၌ လိင်တူချစ်သူကို အိမ်ထောင်ဖက်အဖြစ် ဖော်ပြခွင့်စတင်ရရှိ

October 24, 2025

တောင်ကိုရီးယားနိုင်ငံတွင် သန်းခေါင်စာရင်း၌ လိင်တူချစ်သူ အိမ်ထောင်ဖက်ကို ထည့်သွင်းဖော်ပြခွင့် စတင်ရရှိပြီ ဖြစ်သည်။

ယင်းမှာ လိင်တူချစ်သူများ ဥပဒေအရ တရားဝင်လက်ထပ်ခွင့် ငြင်းပယ်ခံထားရဆဲ တောင်ကိုရီးယားနိုင်ငံတွင် လိင်တူချစ်သူများအဖို့ အချိန်ကြာမြင့်စွာကတည်းက စောင့်မျှော်လာခဲ့ရသည့် အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို ငါးနှစ်တစ်ကြိမ် ကောက်ခံလေ့ ရှိသည်။

ယခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ တောင်ကိုရီးယား ဒစ်ဂျစ်တယ်သန်းခေါင်စာရင်း ကောက်ယူမှုစနစ်တွင် လိင်တူစုံတွဲများအနေဖြင့် “အိမ်ထောင်ဖက်” သို့မဟုတ် “အတူနေလက်တွဲဖော်” ဟူ၍ ဖြေဆိုထည့်သွင်းနိုင်ပြီဖြစ်သည်။

ယခင်နှစ်များတွင် ယင်းသို့ ဖြေဆိုထည့်သွင်းမှုများကို ဒစ်ဂျစ်တယ်သန်းခေါင်စာရင်း ကောက်ယူမှုစနစ်က အမှားအယွင်းအဖြစ် အလိုအလျောက် ပယ်ချလေ့ရှိသည်။

အဆိုပါ အပြောင်းအလဲကို တောင်ကိုရီးယား သတင်းအချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာနက အောက်တိုဘာလ ၂၁ ရက်နေ့က အတည်ပြုလိုက်သည်။

ယင်းမှာ လိင်စိတ်ခံယူမှုကွဲပြားသည့် နိုင်ငံသားများအပေါ် နိုင်ငံတော်အစိုးရက ဆက်ဆံသည့်ပုံစံတွင် တိုးတက်မှုရှိလာသည်ကို ပြသနေကြောင်း LGBTQ+ အခွင့်အရေးထောက်ခံသူများက ဆိုသည်။

အစိုးရ၏ အဆိုပါ ဆုံးဖြတ်ချက်မှာ သမိုင်းဝင်အပြောင်းအလဲတစ်ခုဖြစ်ကြောင်း

LGBTQ+ အဖွဲ့အစည်း ၄၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် Rainbow Action Korea အဖွဲ့က ကြေညာခဲ့သည်။

ယင်းမှာ နိုင်ငံတော်အချက်အလက်စာရင်းဇယားများတွင် လိင်တူချစ်သူစုံတွဲများ၏ ဖြစ်တည်မှုကို နိုင်ငံတော်က ပထမဆုံးအကြိမ် အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

Source: The Straits Times