ရုရှားအနေဖြင့် အမေရိကန် သို့မဟုတ် အခြားသော နိုင်ငံခြားအင်အားစုတစ်ခုခု၏ ဖိအားပေးမှုကို ဘယ်သောအခါမျှ အလျှော့ပေးအညံ့ခံမည် မဟုတ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရုရှား၏ ပိုင်နက်အတွင်းပိုင်းအထိ စစ်ရေးအရ ထိုးဖောက်တိုက်ခိုက်မှုမျိုးကိုလည်း သာလွန်အင်အားဖြင့် အပြင်းအထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောဆိုလိုက်သည်။
ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် အရေးယူပိတ်ဆို့မှု ချမှတ်လိုက်သည်။
ယင်းမှာ ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်ပြီး ရုရှားအပေါ် ထားရှိသော ထရမ့်အစိုးရ၏ မူဝါဒ ပြတ်ပြတ်သားသား ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်၏ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ကြာသပတေးနေ့တွင် ကမ္ဘာ့ရေနံဈေး ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုသည် မိတ်ဆွေမဆန်သော လုပ်ရပ်ဖြစ်ကြောင်း ပူတင်က သတင်းထောက်များကို ကြာသပတေးနေ့က ပြောကြားခဲ့သည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုများကြောင့် နောက်ဆက်တွဲအကျိုးဆက်အချို့ ရှိနိုင်သော်လည်း ရုရှားစီးပွားရေးကို သိသိသာသာ အထိနာစေမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
ရုရှား၏ စွမ်းအင်ကဏ္ဍမှာလည်း လုံခြုံဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
“ဒါဟာ တကယ်တော့ ရုရှားကို ဖိအားပေးဖို့ကြိုးစားတာပါပဲ”ဟု ပူတင်က ဆိုသည်။
“ဒါပေမဲ့ ကိုယ့်ကိုယ်ကို လေးစားတဲ့ ဘယ်နိုင်ငံနဲ့ ဘယ်လူမျိုးမဆို ဖိအားပေးလို့ တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်ဆိုတာမျိုး မရှိဘူး”ဟု ၎င်းက ပြောသည်။
သမ္မတထရမ့်သည် ၎င်း၏ ပထမသက်တမ်းတွင်လည်း ရုရှားအပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ပူတင်က ပြန်ပြောင်းပြောပြသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံးရေနံတင်ပို့သူနိုင်ငံဖြစ်သည့် ရုရှားထံမှ ရုရှားတင်ပို့မှုများ ရပ်တန့်သွားရန် နှောင့်ယှက်ပါက အမေရိကန်ရှိ ဓာတ်ဆီဆိုင်များအပါအဝင် ရေနံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။
ယင်းအခြေအနေမှာ အမေရိကန်အစိုးရအတွက်လည်း နိုင်ငံရေးအရ အခက်အခဲဖြစ်ပေါ်စေနိုင်ကြောင်း ပူတင်က ပြောသည်။
ရရှားစီးပွားရေးအပေါ် ထိခိုက်မှုအတိုင်းအတာသည် ရေတိုတွင် အကန့်အသတ်ဖြင့်သာ ရှိနေမည် ဖြစ်သော်လည်း အဆိုပါ ပိတ်ဆို့အရေးယူမှုများသည် ရုရှားအနေဖြင့် ယူကရိန်းစစ် ငြိမ်းချမ်းရေးကို သဘောတူရန် တွန်းအားပေးလိုသည့် သမ္မတထရမ့်၏ ရည်ရွယ်ချက်ကို သိသာထင်ရှားစွာ ဖော်ပြနေကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ရုရှားကို “စက္ကူကျား” အဖြစ် ပုံဖော်ပြောဆိုခဲ့ဖူးသည့် သမ္မတထရမ့်က ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။
Source: Reuters







