တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ‘ရာဂါဆာ’ (RAGASA) အရှိန်ကြောင့် ယနေ့ ထားဝယ်တွင် မိုးဆက်ကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်တွင် တစ်နိုင်ငံလုံး ရွာသွန်းခဲ့သည့် မိုးရေချိန်လက်၏ ဒုတိယ အများဆုံးရွာသွန်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့ ၁၀ကျော်တွင် မိုးရွာသွန်းခဲ့ပြီး ယင်းအနက် ရေးမြို့နယ်တွင် ၁၀ ဒသမ ၃၉လက်မဖြင့် အများဆုံးရွာသွန်းကာ ထားဝယ်မြို့တွင် ၅ ဒသမ ၈၆ လက်မဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း မိုးဇလက ဖော်ပြသည်။
ထားဝယ်ခရိုင်တွင် စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ် ခြင်းကြောင့် ယနေ့ နံနက် ၄ နာရီဝန်းကျင်ကစပြီး နေ့လယ် ၁၂ နာရီအထိ ရှစ်နာရီခန့်ကြာ ခရိုင်တစ်ခုလုံး လျှစ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
ယမန်နေ့က မြို့ပေါ်ရေကြီးရေလျှံခဲ့သည့် လမ်းမကြီးများနှင့် ရပ်ကွက်အချို့တွင်မူ ယနေ့ စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် ရေပြန်ကျကြောင်း မြိုခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒီရေတက်ချိန် မိုးကြီးတာကြုံရင်တော့ ရေက တော်တော်နဲ့ ပြန်မကျတက်ဘူး။ အခုက ရေထရက် (ဒီရေကြီးတဲ့ရက်) မဟုတ်တော့ မိုးစဲရင် ရေကျမြန်တယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်မြို့နှင့် အနီးဝန်းကျင်တွင်လည်း မွန်းလွဲပိုင်းအထိ မိုးကြီးကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုန်လေ အားကောင်းနေပြီး တနင်္သရီတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုတို့တွင် မနက်ဖြန် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းအထိ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းသည်။
လာမည့် ၄၈ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” သည် မြန်မာနိုင်ငံနှင့် နီးလာမည်ဖြစ်သည့်အတွက် မိုးအလွန်များပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။







