ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဒေသထွက် မြေသပိတ်အိုးနှင့် ဆီမီးခွက် ရောင်းအားကျ

September 24, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်ဒေသထွက် မြေသပိတ်အိုးနှင့် ဆီမီးခွက် ရောင်းအားလျော့ကျကြောင်း ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်မှ မြေထည်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

မြေထည်သပိတ်များကို ထားဝယ်ဒေသတွင် သီတင်းကျွတ်ကာလ သပိတ်မျှောပွဲကျင်းပရာတွင် အသုံးပြုပြီး မြိတ်နှင့် ကော့သောင်းမြို့တို့တွင် လှေလုပ်ငန်းဖြင့် အသက်မွေးသူများ လှေထွက်ချိန် သပိတ်မျှော၍ ဆွမ်းတင်ရာ၌ အသုံးပြုကြောင်း မြေထည်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ယခုနှစ်တွင် သပိတ်မျှောပွဲကို ညလုံးပေါက် စည်ကားစွာကျင်းပမည်ဟု ပွဲတော်စီစဥ်သူများဘက်က ကြေညာထား သော်လည်း သပိတ်ရောင်းအားမှာမူ ယခင်နှစ်ကထက် လျော့နည်းနေကြောင်း အိုးလုပ်ရပ်ကွက်မှ မြေထည်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“သပိတ်က ဒီမှာအိုးလုပ်တဲ့ အိမ်လေးအိမ်ပေါင်းရောင်းရတဲ့ ပမာဏတောင် တစ်ထောင် မပြည့်သေးဘူး။ ပွဲကျင်းပမယ့် အဖွဲ့က တစ်အိမ် သပိတ်အလုံး နှစ်ရာနှုန်းနဲ့ လာမှာထားလို့ အလုံးရှစ်ရာနဲ့ မြိတ်၊ ကော့သောင်းဘက်က ပုံမှန်ဝယ်တာ လောက်ပဲ ရှိတယ်။ ကျန်တာ လာမဝယ်ကြတော့ဘူး။ မနှစ်က တစ်ထောင်လောက်ရောင်းရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

သပိတ်ရောင်းအား တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာရခြင်းမှာ သပိတ်မျှောပွဲကို စည်ကားစွာ ကျင်းပလေ့ရှိသည့် ထားဝယ်မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာအချို့ စစ်ဘေးကြောင့် ထွက်ပြေးနေရသလို မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း လုံခြုံရေး အခြေအနေများကြောင့် သပိတ်မျှောပွဲများ ရပ်နားလိုက်ရခြင်းတို့ကြောင့် ဖြစ်ကြောင်း မြေထည်လုပ်ငန်းရှင်များက ပြောသည်။

ဆီမီးခွက်မှာလည်း ယမန်နှစ် သီတင်းကျွတ်ကာလမတိုင်မီတွင် ခွက်ရေသောင်းနှင့်ချီရောင်းချခဲ့ရပြီး ယခုနှစ်တွင်မူ ပွဲတော်ကာလရောက်ရန် ဆယ်ရက်ဝန်းကျင်လောက်သာလိုတော့သော်လည်း ရောင်းရသည့် ပမာဏ သောင်းဂဏန်းမပြည့်သေးကြောင်း ဆီမီးခွက်ရောင်းသူများထံမှ သိရသည်။

သပိတ်အိုးနှင့် ဆီမီးခွက် ပြုလုပ်ရာတွင် အသုံးပြုသည့် မြေကြီးနှင့် အလှ ဆေးခြယ်ရာတွင် အသုံးပြုသည့် သုတ်ဆေးတို့မှာ ဝယ်ယူရခက်ခဲသလို စျေးတက်သဖြင့် သပိတ်နှင့် ဆီမီးခွက်စျေး ယခင်နှစ်ကထက် ကျပ်ရာဂဏန်းစျေးတက်သွားကြောင်း ၎င်းတို့က ဆိုသည်။

ဝယ်လိုအားနည်းသဖြင့် ထုတ်လုပ်သည့် ပမာဏကိုလည်း လျှော့ချထားသလို မြေထည်ပြုလုပ်သူများလည်း လျော့နည်း လာကြောင်း အိုးလုပ်ပြင် ရပ်ကွက်နေသူများထံမှ သိရသည်။

“အရင်က အဘိုးအဘွားခေတ်က တစ်ရပ်ကွက်လုံးနီးနီး အိုးလုပ်ကြတယ်။ နောက်ပိုင်း တဖြည်းဖြည်းလျော့လာတယ်။ ကိုဗစ်ကာလမှာ ရှစ်အိမ်လောက်ပဲ ကျန်တယ်။ အခုနောက်ဆုံး အိုးလုပ်တဲ့ အိမ်လေးအိမ်ပဲကျန်ပြီ” ဟု အိုးလုပ်ပြင်ရပ်ကွက်မှ လူငယ်တစ်ဦးက ပြောသည်။

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်ရှိ မြေထည်လုပ်ငန်းများသည် ဘုရားပန်းအိုး၊ အတာအိုး၊ မီးဖို၊ မုန့်လင်မယားအိုး၊ သပိတ်အိုး၊ ရေအိုး စသည့် မြေထည်အမျိုးမျိုး ကို ထုတ်လုပ်ရောင်းချကြသည်။

ယခုနောက်ပိုင်းတွင် တတ်ကျွမ်းသူနည်းလာခြင်းနှင့် အမွေဆက်ခံသူနည်းလာခြင်းတို့ကြောင့် ထုတ်လုပ်နိုင်သည့် မြေထည်ပစ္စည်း အမျိုးအစား လျော့နည်းလာနေကြောင်း မြေထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။