အာဖရိကတိုက်အနောက်ပိုင်းက စစ်တပ်အုပ်ချုပ်သည့် နိုင်ငံများဖြစ်သည့် မာလီ ၊ ဘူကီနာဖာဆိုနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ နုတ်ထွက်ကြောင်း စက်တင်ဘာလ ၂၂ ရက်က ပူးတွဲကြေညာလိုက်သည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် ‘ကိုလိုနီလက်သစ်ဝါဒ ဖိနှိပ်မှုနည်းလမ်း’ တစ်ခုသာ ဖြစ်သည်ဟုဆိုကာ ယင်းသို့ နုတ်ထွက်ခြင်း ဖြစ်သည်။
ယင်းမှာ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ်အထိ ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်အနောက်ပိုင်း ဆာဟဲဒေသတွင် ယခုနောက်ဆုံးထွက်ပေါ်လာသည့် သံတမန်ရေး မတည်ငြိမ်မှု ဖြစ်သည်။
အဆိုပါ သုံးနိုင်ငံသည် အနောက်အာဖရိကဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ECOWAS အဖွဲ့မှလည်း နုတ်ထွက်ထားပြီး ဆာဟဲနိုင်ငံများမဟာမိတ်အဖွဲ့ (Alliance of Sahel States) ဆိုသည့်အဖွဲ့တစ်ခု ဖွဲ့စည်းထားသည်။
ယင်းနိုင်ငံ ၃ ခုသည် အနောက်နိုင်ငံများနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချကာ ရုရှားနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
မာလီ၊ ဘူကီနာဖာဆိုနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် အဖွဲ့ဝင်အဖြစ် ဆယ်စုနှစ် ၂ ခုကျော် ပါဝင်ခဲ့ကြသည်။
ICC သည် စစ်ရာဇဝတ်မှုများ၊ လူသားထုကို ဆန့်ကျင်သည့်ရာဇဝတ်မှုများ၊ နယ်ချဲ့ကျူးကျော်ရန်စမှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို မစီရင်နိုင်ဟု အဆိုပါ ၃ နိုင်ငံ၏ တနင်္လာနေ့ ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။
သို့သော် ယင်းသို့ ဖော်ပြရသည့် အကြောင်းရင်းနှင့် အသေးစိတ်ကိုမူ ထည့်သွင်းပြောဆိုထားခြင်း မရှိပေ။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ နုတ်ထွက်ကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းပြီး တစ်နှစ်အကြာမှာမှသာ အဆိုပါ နုတ်ထွက်မှုသည် တရားဝင်အတည်ဖြစ်လာမည် ဖြစ်သည်။
Source: Reuters







