သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းကျေးရွာတွင် စစ်အာဏာရှင်တပ်က အင်အားတစ်ရာကျော် ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့ဘက်မှ ဆင်းလာသည့် စစ်အာဏာရှင်တပ်သားများက စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲထားပြီး ဘုန်းကြီးကျောင်းနှင့် လူမရှိသည့် နေအိမ်များတွင် စခန်းချနေထိုင်နေကြကြောင်း ဒေသခံအချို့က ပြောသည်။
စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင်မူ ရန်တောင်ရွာခံများကို အစည်းအဝေးခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ရန်တောင်ရွာခံတစ်ဦးက ဆိုသည်။
“သူတို့ကို လာပစ်ရင် တစ်ရွာလုံး မီးပြန်ရှို့မယ်ဆိုပြီး အစည်းအဝေးသွားတဲ့ ပြည်သူတွေကို ပြောလိုက်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်အာဏာရှင်တပ်သားများက စက်တင်ဘာလ ၂၃ ရက်ညနေအထိ တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ် ၄၀ ခန့်ကို စစ်အာဏာရှင်တပ်သား များက မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စစ်အာဏာရှင်တပ်အရာရှိက အဆိုပါအစည်းအဝေးတွင် ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး ကျေးရွာတစ်ရွာလျှင် ရပ်မိရပ်ဖ ၅ ဦးစီ ခန့်အပ်ခဲ့ကြောင်း ရန်တောင်ရွာခံနောက်တစ်ဦးက ဆိုသည်။
“ရန်တောင်နဲ့ သင်းကျွန်းမှာတော့ ခန့်ထားပြီးပြီ။ ခန့်တာက သူတို့လာတဲ့အချိန် အဲဒီလို ခန့်ထားတဲ့သူတွေနဲ့ တွေ့မယ်ဆိုတာလောက်ပဲ ပြောတယ်လို့သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်က ရပ်မိရပ်ဖအဖွဲ့ ခန့်အပ်မှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကို Dawei Watch က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဖမ်းဆီးခြင်းမရှိသေးသလို ရွာခံအများစုကလည်း ရွာမှာပင် ဆက်လက်နေထိုင်နေကြကာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ည(စက်တင်ဘာ ၂၂ ည) ကတော့ လက်နက်ကြီးသံ နှစ်ချက်နဲ့ လက်နက်ငယ်သံလည်း ကြားရတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ သူတို့ဟာ သူတို့ ပစ်နေတာ” ဟု အထက်ပါက ပြောသည်။
လက်ရှိ တပ်စွဲထားသည့် ရန်တောင်ရွာနှင့် သင်းကျွန်းကျေးရွာတို့တွင် စစ်အာဏာရှင်တပ်၏ နေအိမ်မီးရှို့မှုကြောင့် နေထိုင်စားသောက်ရေး အခက်ကြုံနေရသူ အများအပြားရှိနေသည်။
လတ်တလောတပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့သို့ လာရောက်ချိန် လုံခြုံရေးယူပေးရန် သရက်ချောင်းမြို့မှ ထားဝယ်မြို့ဘက်သို့ ရေလမ်းမှ သွားရောက်ကြသူများဖြစ်ပြီး လက်ရှိတွင် ထားဝယ်မှ ကုန်းလမ်းကတစ်ဆင့် ပြန်ဆင်းလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။







