ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက် ဗဂျီရာ ဆေးရုံအနီး မြေကျွံ၊ ကားတစ်စီးနှင့် ဓာတ်တိုင်နှစ်တိုင် ပြုတ်ကျ

September 24, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆမ်ဆန်လမ်းပေါ်ရှိ ဗဂျီရာ ဆေးရုံရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက မြေကျွံကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ဆေးရုံရှေ့ရှိ MRT ရထားလိုင်းအသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆမ်ဆန်ရဲစခန်းရှေ့က လျှပ်စစ်ဓာတ်တိုင်နှစ်တိုင်နှင့် ထရပ်ကားတစ်စီး မြေကျွံကျသည့် အပေါက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည် ။

မြေကျွံကျမှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း မြေကျွံကျမှု ဧရိယာကျယ်ပြန့်လာနိုင်သဖြင့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုပ်ဆောင်ရန် လှုံ့ဆော်ထားသည်။

ယင်းအပြင် မြေကျွံကျမှုကြောင့် ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်နေသဖြင့် ယာဥ်ကြောပိတ်ဆို့မှု ရှင်းလင်းနိုင်ရန်လည်း ဆောင်ရွက်ချက်ရှိကြောင်း ဖော်ပြသည်။

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ရာဂါဆာမုန်တိုင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက အသိပေးထားသည်။

Ref: Bangkok Post, The Nation