မြိတ်မြို့ နယ်၊ မဇောကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဖမ်းဆီးခံရသူ သုံးဦးသည် စစ်အာရှင်တပ်၏ စစ်မှုထမ်းအတွက်ဆိုကာ ငွေကြေးအဓမ္မကောက်ခံနေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၂၂ရက် ည ၉နာရီခန့်တွင် မဇောကျေးရွာအုပ်စု လက်မဲရွာအုပ်ချုပ်ရေးအဖွဲ့ဝင် မြေယာကော်မတီဝင် ဦးထွန်းသန်း ကို ၎င်း၏နေအိမ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူက (ဦးထွန်းသန်း) ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်မှာ အမြဲတွေ့ရတယ်။ စစ်မှုထမ်း မဲဖောက်ဖို့ ရွာအလိုက် စာရင်းလုပ်ပေးတယ်။ ဘယ်ကိုဖမ်းသွားတာလဲ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
ထို့နောက် ဩဂုတ်လ ၂၃ရက် နံနက် ၃နာရီခန့်တွင် မဇောကျေးရွာအုပ်စု သကန်တောင်ပုရွာ ရာအိမ်မှူးဦးသန်းဝင်းနှင့် ဦးလူပိန် ဆိုသူတို့အား လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဦးလူပိန် စစ်အာဏာရှင်တပ်နှင့် အတူ သွားလာလေ့ရှိသလို ရဲတပ်ဖွဲ့ဝတ်စုံကဲ့သို့ ဝတ်ဆင်လေ့ရှိသူဖြစ်ကြောင်း ၎င်းက ဆိုသည်။
သကန်တောင်ပုရွာ ရာအိမ်မှူးဦးသန်းဝင်းနှင့် ဦးလူပိန်တို့မှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး ၎င်းတို့၏ နေအိမ်အသီးသီး တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။
“သူတို့နှစ်ဦးက စစ်မှုထမ်းဖို့ မဲစာရင်းပြုစုပေးတယ်။ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ရွာမှာငွေကောက် (တဲ့) သူတွေထဲ ပါတယ်။ (စစ်အာဏာရှင်ဘက်ကလူတွေနဲ့) တပူးပူး (တပူးတတွဲ) ပဲ နေနေကြတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းခံရသူသုံးဦးမှာ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲအချိန်အထိ အဆက်အသွယ် မရသေးသလို မည်သူတို့က မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။
မဇောကျေးရွာအုပ်စု တောတန်းရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းကို ဝင်ရောက်ဖမ်းဆီးချိန်တွင်မူ နေအိမ်၌ မရှိသဖြင့် လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဦးအေးသန်းသည် မဇောကျေးရွာအုပ်စု ခုံမော်ရွာတွင် အသက် ၁၈ နှစ်ဝန်းကျင် လူငယ် လေးဦးကို စစ်မှုထမ်းပါ နေသည်ဟုဆိုကာ လူငယ်တစ်ဦးထံမှ ငွေကျပ် ၁၄သိန်းကို ဩဂုတ်လ ၁၁ ရက်က အဓမ္မ တောင်းယူသွားသူဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။