ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင်ရှိသည့် စစ်အုပ်စုနှင့်ဆက်စပ်သော ဦးပိုင်ဆီအုန်းခြံက ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး စုစုပေါင်းခုနစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။
ဂန့်ဂေါ်တောင်ရွာ၊ ဆီအုန်းခြံနှင့် ဘူတာရုံအနီး နာရေးအိမ်တစ်အိမ်တွင် အထက်ပါခုနစ်ဦးနှင့်အတူ အခြားရွာသား ၂၀ ကျော် ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သြဂုတ်လ ၂၃ရက် နံနက်ပိုင်းတွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။
ယင်းနေ့ ညပိုင်းတွင်ပင် ဒေသခံရွာသား ၂၀ကျော်ကို ပြန်လွှတ်ခဲ့ပြီး ဆီအုန်းခြံ ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး တို့ကိုမူ ကံပေါက်တိုက်နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက ထိန်းသိမ်းစစ်ဆေးနေ ကြောင်း ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောဆိုသည်။
ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားရန် လုပ်ဆောင်စဉ် လမ်းပိုင်းတွင် ပြည်သူများ ကြားညှပ်နိုင်သဖြင့် ခေတ္တခေါ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အဆိုပါခုနစ်ဦးအား ထိန်းသိမ်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
“ဖမ်းသွားတာ မဟုတ်ပါဘူး။ မဆိုင်တဲ့ ရွာသားတွေလည်း လွတ်ပေးလိုက်ပါပြီ။ အခုခေါ်ထားတဲ့ ခုနစ်ယောက်လည်း စစ်ကောင်စီနဲ့ ဆက်စပ်နေတာမျိုးရှိလို့ မေးမြန်းနေတာပါ။ မေးမြန်းပြီးရင် ပြန်လွှတ်ပေးဖို့ အစီအစဥ်ရှိပါတယ်” ဟု ၎င်းက ယနေ့ နံနက် ၉နာရီကျော်တွင် ပြောသည်။
ဆီအုန်းခြံက ဝန်ထမ်းများ ဖမ်းဆီးခံရပြီးနောက် စစ်အာဏာရှင်တပ်က ကံပေါက် – ကလိန်အောင်လမ်းပိုင်းကို သြဂုတ်လ ၂၃ ရက်တွင် နေတစ်ဝက် ပိတ်ကာ အင်အားနှစ်ရာခန့်ဖြင့် ဥယျာဉ်ခြံလမ်းကြောင်းများအတိုင်း တောနင်းရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအခြေအနေကြောင့် ကံပေါက် ဆီအုန်းခြံနှင့် ဘူတာရုံအနီး နေထိုင်သည့် ရွာသားများ နေအိမ်တွင်နေမရဲဘဲ ယာယီရွှေ့ပြောင်းနေကြရကြောင်း ၎င်းတို့က ဆိုသည်။
ကံပေါက် ဆီအုန်းခြံနှင့် ဆက်စပ်တည်ရှိသည့် ဖားချောင်းကျေးရွာအုပ်စုက ရွာသားများလည်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်၍ တိမ်းရှောင်နေကြကြောင်း ဖားချောင်းဒေသခံများထံမှ သိရသည်။
အဆိုပါခြံသည် ကလိန်အောင် – ကံပေါက်လမ်းပိုင်းတွင်တည်ရှိကာ ဆီအုန်းခြံအပြင် ဆီအုန်းကြမ်း စက်ရုံလည်းရှိပြီး ဝန်ထမ်းအများစုသည် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းဟောင်းများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။