ထားဝယ်မြို့ပေါ်တွင် နှစ်ရက်ကြာ ပျောက်ဆုံးနေသူ အမျိုးသာတစ်ဦးကို ဩဂုတ်လ ၂၄ရက် ယနေ့ နံနက်ပိုင်း၌ ရေမြောင်း အတွင်း၌ သေဆုံးလျက်ပြန်လည်တွေ့ရှိကြောင်း မြိုခံအချို့ထံမှသိရှိ ရသည်။
သေဆုံးသူသည် ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၇နှစ်အရွယ် ကိုမိုးဦးဖြစ်ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် ၎င်း၏ရုပ်အလောင်းကို မြို့သစ် ၈လမ်းနှင့် ၂လမ်းထောင့်ရှိ ရေမြောင်းအတွင်း ပြန်လည်တွေ့ရှိကြောင်း အလောင်းကို ဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“သေတဲ့သူကတော့ လူပျောက်ကြော်ငြာထားတဲ့သူပါပဲ။ ပြင်ပဒဏ်ရာမျိုး မတွေ့ဘူး။ ရေမြုပ်သေတဲ့လို့ပဲ ယူဆရတယ်” ဟု ၎င်းက ပြောဆိုသည်။
ကိုမိုးဦးသည် လေဖြန်းထားသူဖြစ်ပြီး ဩဂုတ်လ ၂၂ ရက် ညကတည်းက ပျောက်ဆုံးနေသူဖြစ်သည်။
ကိုမိုးဦး ပျောက်ဆုံးသွားသဖြင့် ၎င်း၏မိသားစုက လူမှုကွန်ရက်တွင် လူပျောက်ကြော်ငြာထားသည်ကို တွေ့ရှိရသည်။
ကိုမိုးဦးကိစ္စနှင့် ပတ်သက်၍ မိသားစုထံ Dawei Watch က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။
ကိုမိုးဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆယ်ယူပြီး ထားဝယ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၂ ရက် ညနေပိုင်းတွင် ထားဝယ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့သစ်နှင့် ဆေးရုံလမ်းတို့၌ ရေကြီးရေလျှံခဲ့ပြီး သက်ကြီးရွက်အိုများနှင့် ကျန်းမာရေး မကောင်းသူများကို လူမှုကူညီရေးအသင်းအဖွဲ့များက ဘေးလွတ်ရာသို့ အရေးပေါ်ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။