BREAKING
October 19, 2025

အငတ်ဘေးဆိုက်နေတဲ့ ရေထဲက စစ်ရှောင်တွေ

August 24, 2025

အမှတ် ၈ ပြည်ထောင်စုကားလမ်းမပေါ်က ထားဝယ် – မြိတ် လမ်းပိုင်းမှာရှိတဲ့ ပလမြို့ဝန်းကျင်မှာ ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ စရှိခဲ့ပါတယ်။

ပလမြို့ဝန်းကျင်မှာ သြဂုတ်လအထိလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။

ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး သြဂုတ်လ လဝက်အထိ ထိတွေ့တိုက်ပွဲ ၉ ကြိမ် အထိရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှု သေဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲ မှတ်တမ်းအရသိရပါတယ်။

စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိပြုလုပ်ခဲ့ပြီး ရဟန်းသံဃာတွေ အပါအဝင် အရပ်သား ၂၀ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီလို စစ်ရေးပဋိပက္ခအရှိန်အမြှင့်ဆုံးရောက်နေတဲ့ ပလမြို့နဲ့ ဝန်းကျင် ကျေးရွာက ဒေသခံတွေက တော့ နေ့ရပ်စွန့်ခွာထွက်ပြေးလာခဲ့ရတာ ဒီနေ့ဆို တစ်လရှိပြီဖြစ်ပါတယ်။

ပလမြို့က ပင်လယ်ဒေသဖြစ်ပြီး ပင်လယ်ထွက်ပေါက်ပဲရှိတာကြောင့် စစ်ဘေးလွတ်ရာ ပင်လယ်ဘက်ကိုပဲ လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ရသလို လှေပေါ်မှာ ကမ်းစပ်မှာ အဆင်ပြေသလိုနေကြရပါတယ်။

ဒါကြောင့်အခြားဒေသက စစ်ဘေးရှောင်တွေ နည်းတူ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေစရာအခက်အခဲ အပြင် ပင်လယ်ကမ်းစပ်နဲ့ ပင်လယ်ထဲမှာ စစ်ဘေးရှောင်ကြရတာကြောင့် သောက်ရေ၊ သုံးရေရှားပါးမှုက အရေးကြီးဆုံးအခက်အခဲ ဖြစ်နေပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရေချိုရရှိဖို့ဟာ လှေစီးရင်းရေငတ်နေရတဲ့ အဖြစ်ကိုကြုံတွေ့နေရပြီး တိုက်ပွဲတွေက ဆက်ရှိနေတာကြောင့် နေရပ်ကို ပြန်ခွင့် မရကြသေးပါဘူး။

ရက်ရှည်စစ်ဘေးရှောင်လာရတာကြောင့် ကူညီဆောင်ရွက်ပေးနေသူတွေဘက်မှာလည်း အပြည့်အဝ မထောက်ပံ့ပေးနိုင်တာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်။

အဲဒီ အခြေအနေတွ ကို စာဖတ်သူတို့ သိရှိမြင်သာနိုင်အောင် ကိုယ်တိုင်ကြုံနေရသူတွေကို Dawei Watch က တနင်္သာရီပုံရိပ် အစီအစဥ် မှာ မေးမြန်းပြီးတင်ဆက်လိုက်ပါတယ်။

” လစဥ်သုံးပစ္စည်းတွေ လူကြုံနဲ့မှာနေရတယ်။ရေကလည်းမရှိတော့ ပိုပင်ပန်းတယ်။ ရေလည်းတစ်ရက် တစ်ကြိမ်ပဲချိုးနေရတယ်”

ပလဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး

DW ။ ဘယ်ရက်ကနေစ‌ရှောင်ရလဲ။

ဖြေ ။ ၇လပိုင်း (ဇူလိုင်လ) ၂၄ရက်နေ့ကနေ စရှောင်လာရတယ်။

DW ။ အိမ်ကနေဘယ်လို ပုံစံနဲ့ ထွက်လာရလဲ။

ဖြေ ။ ဒရုန်းတွေလာချနေတော့ ပြေးရမယ် သိနေတော့ အထုပ်တွေကြိုထုပ်ထားတယ်။ စားနပ်ရိက္ခာတွေတော့ ပါလာတယ်။ဆေးဝါးတွေလည်း ပါလာတယ်။ လေယာဥ်လာကြဲနေပြီ ရှောင်ကြတော့ ပြောတော့ အထုပ်ဆွဲပြီး ဆင်းပြေးလာပေါ့။ သား၊သမီး၊တူတွေရော အကုန်လှေထဲပြေးကြပေါ့။

DW ။ အခုက ဘယ်လိုနေနေကြလဲ။

ဖြေ ။ အခုက အဆင်ပြေသလိုပဲ နေနေရတယ်။မိသားစု အကုန်လုံးစုနေကြတယ်။ တန်းလျားမျိုးဆောက်ပြီး သူ့အခန်း သူ့မိသားစုငယ်နဲ့ နေနေကြတယ်။

DW ။ ကျန်းမာ‌‌ရေး ကိစ္စတွေ ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ အိမ်ကပါလာတဲ့ ဆေးမီးတိုတွေနဲ့ပဲ သောက်နေရတယ်။ တအားနေမကောင်း ဖြစ်လာရင်တော့ အခြားရွာမှာဆေးခန်း သွားပြတယ်။

DW ။ စစ်ရှောင်နေရတော့ လစဥ် အမျိုးသမီး တွေမှာ ဖြစ်နေတဲ့ ဓမ္မတာကိစ္စကို ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ ရသလိုပဲနေနေရတယ်။အဲဒီလိုပဲ လစဥ်သုံးပစ္စည်းတွေ လူကြုံနဲ့မှာနေရတယ်။ ရေကလည်းမရှိတော့ ပိုပင်ပန်းတယ်။ ရေလည်းတစ်ရက် တစ်ကြိမ်ပဲချိုးနေရတယ်။ ကြုံနေရတာကတော့ ထိုင်ပဲထိုင်နေရတယ်။ဘယ်မှလည်း မသွားဘူး။ရရာ(အရမ်း) အခက်ခဲဖြစ်တယ်။ ထိုင်နေရာကနေကို မထရဘူးပေါ့။

DW ။ အစားအသောက်က ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ ငါးတွေလုပ်စားလိုက် ငါးလှေတွေလာ‌ရောင်းရင်လည်း ဝယ်စားလိုက်တယ်။ ဆန်ကိုရှာပြီး သူများလာလုပ်ပြီးရောင်းတဲ့ဟာကို ဝယ်စားရတာပေါ့။ ရှိသလိုပဲရှာစားနေရတယ်။ငါးက ပိုက်ပစ်ဖို့လည်း သိပ်မရှိတော့ လာရောင်းသမားရှိရင် ဝယ်စားနေရတယ်။

DW ။ ဘယ်အချိန်လောက် အိမ်ပြန်ရမယ်ထင်လဲ။

ဖြေ ။ ရဲဘော်တွေက ဝင်လို့ပြောတဲ့ အချိန်မှပဲ ဝင်လို့ရမယ်ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ပင်လယ်ကိုပဲ အဓိကရှောင်ကြတယ်။ ပင်လယ်အလုပ်နဲ့ လုပ်စား မတတ်သူတွေက ကုန်းပေါ်မှာ ကြည့်ပြီးရှောင်ကြတယ်”

စစ်ရှောင်များအားကူညီနေသည့် ပလမြို့ခံ အမျိုးသမီးတစ်ဦး

DW ။ တိုက်ပွဲအတွင်း စစ်ရှောင်ဦးရေ ဘယ်လောက်ရှိလဲ။

ဖြေ ။ လူတစ်ယောက်ကို ဆန်နှစ်ပြည်နှုန်းနဲ့ လိုက်ပေးနေတာ အခုလက်ရှိဆန်အိတ် ၃၀၀ကျော်ပြီ။ ပေးထားခဲ့တဲ့ လူဦးရေ ၃၀၀၀ကျော်ပြီ။အကုန်လုံး စုစုပေါင်း ခန့်မှန်းဆိုရင် ၅၀၀၀နီးပါး ရှိတယ်။

DW ။ မိုးရာသီဖြစ်နေတော့ စစ်‌ရှောင်တွေမှာ အဓိက ဘာအခက်ခဲဖြစ်‌နေလဲ။

ဖြေ ။ အခက်ခဲကတော့ စားဝတ်နေရေး အားလုံးပဲ အခက်အခဲဖြစ်နေတယ်။ စားရေးသောက်ရေး‌ရော နေ‌ရေးထိုင်ရေး‌‌ရော အခက်အခဲဖြစ်တယ်။

DW ။ ပင်လယ်ဒေသလည်း တစ်ခါဖြစ်တော့ ဘာတွေက အဓိက အခက်အခဲဖြစ်လဲ။

ဖြေ ။ ရေက အဓိက အခက်ခဲဖြစ်ကြတယ်။ ရေကို ကုန်းပေါ်တက်ပြီး ပြန်ခပ်ရတော့ စစ်ကောင်စီက ဒရုန်းချတော့ ပြေးရတဲ့ အခါတွေကြုံရတယ်။ပင်လယ်ကိုပဲ အဓိကရှောင်ကြတယ်။ ပင်လယ်အလုပ်နဲ့ လုပ်စား မတတ်သူတွေက ကုန်းပေါ်မှာ ကြည့်ပြီးရှောင်ကြတယ်။

DW ။ အလှူရှင်တွေလှူတဲ့ဟာနဲ့ ကူဖို့လောက်ရဲ့လား။

ဖြေ ။ ကူဖို့ မလောက်ဘူး။ အခု ဆန်ပဲပေးနိုင်တယ်။ အယောက်စေ့ကို ဝေလို့မလောက်သေးဘူး။ ဆန်မယူတဲ့သူတွေကို ကြက်သွန်နီ၊ဆီ၊ငရုတ်သီးခြောက် ဝယ်‌ပေးလိုက်တယ်။ ဆေးကတော့ လုံးဝမကူရသေးဘူး။ နေဖို့ကတော့ သူတို့ ဘာသာ ဆောက်တဲ့သူတွေလည်းရှိတယ်။ လာခေါ်ပေးဆိုပြီး အကူအညီတောင်းသမားလည်းရှိတယ်။အဲ့လိုမျိုးဆို သွားခေါ်ပေးပြီး အိမ်လွတ်တွေမှာ နေဖို့ ပြောပေးရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“လှေတွေနဲ့ ထွက်ပြေးလာကြတယ်။ အကုန်လုံး ထွက်ပြေးလာပြီးတာနဲ့ ဒီနေရာမှာ မိုးရွာဆိုတော့ သိပ်အဆင်မပြေဘူးပေါ့”

အသက် ၃၅နှစ် အရွယ် ပလမြိုခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦး

DW ။ အခုဘယ်မှာနေနေကြရလဲ။ တိမ်းရှောင်နေရတဲ့ အရေအတွက် ဘယ်လောက်ရှိနိုင်လဲ။

ဖြေ ။ ကမ်းစပ်မှာ တဲဆောက်ပြီးနေနေကြတယ်။ ဒီမှာနေနေကြတာက အပေါက်(ပင်လယ်ဝ)ပေါ့။ အဲ့နားမှာနေနေကြတာက (အိမ်ထောင်စု) ဆယ်စုနဲ့ အိမ်ခြေ ၁၀ စု လူ ၄၀ နီးပါး ရှိတယ်။အပေါက်ဝ အောက်ငယ်နားမှာက အိမ်ခြေ ၂၀ လောက်ရှိတယ်။

DW ။ ပလမြို့ကနေ ဘယ်ရက်ကနေ စစ်ရှောင်လာရလဲ။အိမ်ကနေ ဘယ်လိုပုံစံနဲ့ ထွက်လာရလဲ။

ဖြေ‌ ။ ကျွန်တော်တို့ ထွက်လာဆို ၇ လပိုင်း (ဇူလိုင်လ) ၂၄ ရက်နေ့ ကနေ ပြေးလာရတယ်။ ပလမြို့ကို လေယာဥ်လာကြဲလို့ သူတို့အိမ်ကနေ နည်းနည်းပါးပါး ရှောင်ခိုင်းလိုက်တယ်။ ရှောင်ခိုင်းတယ်ဆိုတော့ ကမ်းနားတွေမှာ လှေတွေနဲ့ လာနေတယ်။ နေပြီးနောက်မှ ပလမှာ တိုက်ပွဲထပ်ဖြစ်လို့ လုံးဝအဆင်မပြေတော့ဘူးဆိုပြီး ကမ်းကနေရှောင်ပေး ပြောလို့ လှေတွေနဲ့ ထွက်ပြေးလာကြတယ်။ အကုန်လုံး ထွက်ပြေးလာပြီးတာနဲ့ ဒီနေရာမှာ မိုးရွာဆိုတော့ သိပ်အဆင်မပြေဘူးပေါ့။ ကလေးတွေ အသက်ကြီးရွယ်အိုတွေ ပါနေတယ်။တောထဲမှာ ဖက်တွေဝင်ခုတ်တယ်။ရသလိုခုတ်ပြီး သယ်တင်တယ်။ တဲတွေဆောက်ပြီး နေနေရတယ်။

DW ။ ထွက်ပြေးလာချိန်မှာ အိမ်မှာရှိတဲ့ ပစ္စည်းတွေယူလို့ အချိန်ရလား။

ဖြေ ။ ပစ္စည်းတွေက ကျန်ရစ်ကြတယ်။နောက်မှ တစ်ရက်တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ပွဲမဖြစ်နေရာ တွေမှာ ဝင်ယူခိုင်းလို့ အနီးတစ်ဝိုက်ရွာတွေက ဝင်ယူကြတယ်။ရဲဘော်တွေကနေ တစ်ဆင့်ချိတ်ဆက်မှုလုပ်ပြီး ပစ္စည်းတွေဝင်သယ်ပြီး ဆိုင်ကယ်တွေ ဝင်ယူကြတယ်။ပါတဲ့သူက ပါလာကြတယ်။မပါတဲ့သူက မပါကြဘူးပေါ့။

DW ။ လက်ရှိက ဘယ်လို‌နေနေကြရလဲ။

ဖြေ ။ အခုလောလောဆယ် တဲဆောက်ပြီးနေနေကြရတယ်။ ကလေးတွေရော လူကြီးတွေရော အကုန်လုံးစုပြီးနေကြတယ်။ အခုတော့ ရိက္ခာတွေက သူများနေရာကို ဝင်မရဘူး။ ကျောက္ကာရွာတို့ဘက်ကို သွားရတဲ့ အဖိုးကြီးတွေ၊အဖွားကြီးတွေ သွားတဲ့ အချိန်ဆို စားရိက္ခာတွေ မှာပြီး စားနေကြတယ်။ပင်လယ်ပြင်မှာဆိုတော့ ရှပ်တွေ၊ဂုံးတွေရှိတယ်။အဲဒါတွေဆင်းကောက်ပြီး စားနေကြတယ်။ ပိုက်တွေပစ်(ငါးဖမ်း)ပြီး ငါးတွေနဲ့ စားနေကြတယ်။ဆန်တွေက အခြားကနေ မှာစားပြီး ဟင်းအတွက်က ပင်လယ်မှာ ရဟာတွေနဲ့ ချက်စားနေတယ်။ပြတ်တဲ့ သူတွေလည်းပြတ်ကြတယ်။ရုတ်တရက် အခက်အခဲဖြစ်ပြီး ထွက်လာသူတွေကျတော့ ရတဲ့နေရာကနေ ရသလိုမျိုးရှာစားနေကြတယ်။

DW ။ ကျန်းမာရေးပိုင်းကရော ဘယ်လိုခက်ခဲရှိနေလဲ။

ဖြေ ။ သက်ကြီးရွယ်အိုတွေက သွေးတိုးတက်ကြတယ်။ဒါဆို ကျွန်တော်တို့နေတဲ့ မနီးမဝေးမှာ ဆရာမတစ်ယောက်ရှိတယ်။သူတို့က ကုန်းပေါ် မှာဆိုတော့ လှေနဲ့သွားပြကြရတယ်။

DW ။ ဘယ်အချိန်လောက် အိမ်ပြန်ရမယ်ထင်လဲ။

ဖြေ ။ မသိဘူး။ခုတောင်တိုက်ပွဲဖြစ်နေတယ်လေ့။ အိမ်ပြန်ကိုပြန်ရမယ်လို့ ထင်တောင်မထင်ရ(မထင်ဘူး)။

DW ။ ကျေးဇူးတင်ပါတယ်။

” ဆေးကတော့ ဆေးဗလာ ဝါးဗလာ(ဆေးမရှိ ဝါးမရှိ) ပါပဲ။ဆေးမီးတိုတွေပဲသောက်နေရတယ်။ “

အသက် ၆၄ နှစ်အရွယ် ပလဒေသခံ စစ်ရှောင် အမျိုးသားတစ်ဦး

DW ။ ဘယ်ရက်ကနေ စ‌ရှောင်ရလဲ။အိမ်ကနေ ဘယ်လိုထွက်ပြေးလာရ။

ဖြေ ။ စစ်စရှောင်ရက်ရတဲ့ရက်က (ဇူလိုင်လ)၂၄ရက်နေ့ ကနေ စရှောင်လာရတယ်။ ဘာလည်းယူမခင်ရ(ယူမမှီဘူး )။လှေထဲကို ကပြာကရာ ဆင်းပြေးလာရတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တူတူပဲပြေးလာရတာ။ ရဲဘော်တွေက မြန်မြန်ရှောင် ဆိုတော့ ဆင်းပြေးလာရတယ်။ လေယာဥ်နဲ့ဗုံးလာကြဲနေတာဆိုတော့ ချက်ချင်း ရှောင်ပြေးလာရတယ်။အိမ်မှာနေတုန်းကလည်း ဒရုန်းနဲ့‌လာကြဲနေတော့ ခဏရှောင်မယ်ဆိုပြီး လှေထဲဆင်းလာနေတော့ အိမ်တောင် ပြန်မရောက်ဘူး‌။ လမ်းကနေပြေးလာရတယ်။

DW ။ အခုလက်ရှိကဘယ်လိုနေနေကြရလဲ။

ဖြေ ။ ကမ်းစပ်မှာ တဲငယ်ထိုးပြီး မိသားစု သုံလေးစု ဝိုင်းနေကြရတယ်။ ဓနိတောထဲမှာ သစ်လုံးငယ်နဲ့ အခင်းစီပြီးတော့ နေနေကြရတယ်။

DW ။ ကိုယ်နေရာမဟုတ်ဘဲ အခြားနေရာမှာ စစ်ရှောင်နေရတော့ ဘာအခက်ခဲတွေ ကြုံနေရလဲ။

ဖြေ ။ အခြားနေရာ သွားတော့လည်း သိပ်အဆင်မပြေဘူး။ ဦးတို့မှာက လူငယ်တွေများ နေတယ်။အဲတော့ ဓနိတောထဲမှာပဲနေကြတယ်။ ရွာနဲ့တော့ တအားဝေးတယ်။ အိမ်ထောင်စု ၁၉ စုလောက်ရှိတယ်။

DW ။ အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ နီးစပ်သူတွေနဲ့ မှာစားကြတယ်။နီးစပ်ရာ သွားလာရတဲ့လူတွေမျိုး အခြားရွာမှာ သွားဝယ်ရင် မှာစားနေရတယ်။ရသလိုပဲ ဝယ်စားနေရတယ်။

DW ။ ပင်လယ်မှာ နေနေရတော့ ‌ရေတွေကို ဘယ်ကနေယူသောက်နေရလည်း။

ဖြေ ။ မီးလောင်ချောင်းရွာ အောက်ခြေမှာ စစ်တပ်မရှိတဲ့နေရာတွေက ရာဘာခြံတွေထဲမှာ လှေနဲ့သွားခပ်ရတယ်။သုံးရက်ကြာတစ်ခါ ငါးရက်ကြာတစ်ခါ တက်ခပ်ရတယ်။ရေမချိူးဘဲနဲ့ သုံးရေမျှပဲ သုံးနေရတယ်။

DW ။ ကျန်းမာရေးကရော ဘယ်လိုဖြစ်နေကြလဲ။

ဖြေ ။ ကျန်းမာရေးကတော့ ဗိုက်အောင့်တာ၊ ရမိရရာ( အရမ်း) အောင့်တယ်။ အခုဆန်လာပေးတဲ့လှေမှာ ဆေးသွားမေးကြည့်လည်း မရှိဘူး။ ဆေးကတော့ ဆေးဗလာ ဝါးဗလာ(ဆေးမရှိ ဝါးမရှိ) ပါပဲ။ ဆေးမီးတိုတွေပဲ သောက်နေရတယ်။

DW ။ အိမ်ဘယ်အချိန်ပြန်ရမလဲလို့ ထင်လဲ။

ဖြေ ။ ထင်ကိုထင်မရသေးဘူး။ အခုကတိုက်ပွဲဖြစ်နေပြန်တယ်။လေယာဥ်နဲ့လာကြဲ သံတွေလည်း ကြားနေရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။