ပုလောမြို့နယ်၊ ပလမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်သဖြင့် ဒေသခံ သုံးဦး သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်နှင့် ၅ နာရီခွဲဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပထမအကြိမ် ဗုံးကြဲရာတွင် ပလမြို့ရှိ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲရာ ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။
ထို့နောက် စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။
“လေယာဥ် ပထမကြိမ်ကြဲတာ လင်မယားနှစ်ယောက်သေတယ်။ လက်နက်ကြီးထိပြီး မိန်းမကြီးတစ်ယောက် သေတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးခဲ့သူများ၏ အသေးစိတ်အချက်အလက်များကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်တွင် ဗုံး လေး လုံးထက်မနည်း ကြဲချတိုက်ခိုက်သည့်အပြင် ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
ပုလောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံကလည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်မှာ မှန်ကန်ပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း Dawei Watch သို့ ပြောဆိုသည်။
“ဗုံးကြဲသွားတာတော့ အတည်ပြုနိုင်တယ်ဗျ။ ပလမြို့အနီးဝန်းကျင်ကိုပါ။ ထိခိုက်မှုအခြေအနေကိုတော့ မြေပြင်က သတင်းမလာသေးလို့ ဖြေလို့မရသေးဘူးဗျ” ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ၁၉ ရက်ကလည်း စစ်ကောင်စီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ မိမ္မမြို့ရွာနှင့် ဘိုင်းပြင်ရွာကြားကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေး တစ်ဦး သေဆုံးပြီး ဒေသခံ ခုနစ်ဦး ဒဏ်ရာရသည်။
ပုံစာ-ပလမြို့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)







