ကမ္ဘောဒီးယားနိုင်ငံဘက်က ရော့ကတ်ဒုံးကျည်များဖြင့် ထိုင်းနယ်စပ်ခရိုင်များသို့ ပစ်ခတ်မှုကြောင့် ကျောင်းသားများ အပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုမှတစ်ဆင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းမှစ၍ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။
ကမ္ဘောဒီးယားဘက်က ထိုင်းနယ်စပ်ခရိုင် ခြောက်ခုကို BM-21 ရော့ကတ်ဒုံးကျည်များဖြင့် ပစ်ခတ်နေပြီး ကျောင်းသား နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနှင့် စစ်သား တစ်ဦးသေဆုံးကြောင်း ထိုင်းအစိုးရဘက်က ညနေပိုင်းတွင် ထုတ်ပြန်သည်။
ဒုံးကျည်များသည် လူနေအိမ်များ၊ ဆေးရုံ၊ PTT ဓါတ်ဆီဆိုင်နှင့် 7-Eleven စတိုးဆိုင်များသို့ ထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိသူ ပြည်သူ ၂၄ ဦးနှင့် စစ်သား ခုနစ် ဦးအထိ ရှိကြောင်း ဖော်ပြသည်။
ဒဏ်ရာရရှိသူများတွင် ၂ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ကျောင်းသား နှစ်ဦးလည်း ပါဝင်သည်။
ထိုင်းလေတပ်ကလည်း F-16 တိုက်လေယာဉ်များသုံးပြီး ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းများသို့ သုံးကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းလေတပ်ဘက်က သတ်မှတ်စီစဉ်ထားသော နေရာများသို့ တိတိကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူ နေရာများသို့ ထိမှန်ခဲ့ခြင်း မရှိကြောင်း ထိုင်းစစ်တပ်ပြောခွင့်ရသူက ပြောသည်။
ထိုင်းဘက်က လေကြောင်းက တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးသဖြင့် မသိရသေးပေ။
လက်ရှိအချိန်တွင် စစ်ပွဲကို ကြေညာထားခြင်းမရှိသေးသလို ပဋိပက္ခသည်လည်း အခြားခရိုင်များသို့ ထပ်တိုးလာခြင်း မရှိသေးကြောင်း ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထိုင်းတော်ဝင်စစ်တပ်ဘက်က ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ရန် မြေပြင်နှင့် လေကြောင်း ကာကွယ်ရေး လုပ်ဆောင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ နံနက် တွင် ကမ္ဘောဒီးယားဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသလို ထိုင်းဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ကမ္ဘောဒီးယားဘက်ကလည်း ပြန်လည်ထုတ်ပြန်ထားပြီး အပြန်အလှန် စွပ်စွဲထားကြသည်။
လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ် အားလုံးကို ပိတ်သိမ်းကြောင်း ထိုင်းစစ်တပ်က ကြေညာထားပြီး နယ်စပ်ခရိုင်များဖြစ်သော စူရင်း၊ စီစကက်နှင့် ဘူရီရမ်ခရိုင်များရှိ ကျောင်းပေါင်း ၅၈၂ ကျောင်းကိုလည်း ပိတ်သိမ်းထားသည်။
လက်ရှိ ပစ်ခတ်မှုဖြစ်နေသော ထိုင်းဘက်က ခရိုင်များထဲရှိ ပြည်သူသောင်းနှင့်ချီကိုလည်း ဘေးလွတ်ရာတွင် ရွှေ့ပြောင်း ထားခဲ့ရသည်။ ကမ္ဘောဒီးယားဘက်က ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။
ယမန်နေ့ ဇူလိုင်လ ၂၃ ရက်က နှစ်နိုင်ငံ သံအမတ်များကိုလည်း အချင်းချင်း နှင်ထုတ်ထားပြီး ယနေ့တွင်မူ သံတမန်ဆက်ဆံရေး အနိမ့်ဆုံးအထိ ရောက်ရှိနေပြီဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံဘက်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်လာသဖြင့် ထိုင်းအချုပ်အခြာအာဏာကို ထိပါးလာသလို နိုင်ငံတကာဥပဒေများကိုလည်း ချိုးဖောက်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်း နှစ်နိုင်ငံ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်ရန်ကြိုးပမ်းခဲ့သော်လည်း လက်ရှိတွင် စစ်ရေးအရ ပြန်လည်တုံ့ပြန်ရန်မှတပါး ရွေးချယ်စရာမရှိကြောင်း ဝန်ကြီးချုပ် ဟွန်မနက်က ပြောကြားထားသဖြင့် နှစ်နိုင်ငံ စစ်ရေးတင်းမာမှု မြင့်တက်နေဆဲဖြစ်သည်။
Ref: Khoasod English, The Guardian