ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်ကောင်စီ စစ်ကြောင်းထိုးပြီးနောက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိမှုနှင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်နေကြောင်း ဇာဒီဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၁ရက်က ဇာဒီရွာ၊ ရွာပတ်လမ်းရှိ ကိုးနဝင်းစေတီအနီးတွင် လေပြင်းကြောင့် သစ်ပင်အကိုင်းကျိုးကာ မြေမြှုပ်မိုင်း ထောင်ထားသည့်နေရာအပေါ်သို့ ကျသဖြင့် မိုင်းပေါက်ကွဲကြောင်း ဇာဒီရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုတွင် လူထိခိုက်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ယင်းမတိုင်မီ မြေမြှုပ်မိုင်း ဖြစ်စဉ် ၁၅ကြိမ်ခန့်ရှိပြီး ဆိုင်ကယ်သွားလာစဉ် နင်းမိသည့် ဖြစ်စဥ် ငါးကြိမ် ၊ ကျွဲ ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များ နင်းမိသည့် ဖြစ်စဥ် ဆယ်ကြိမ်ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“မိုင်းတွေက ခဏခဏ ပေါက်နေတာပဲ။ ဆိုင်ကယ်နင်းလိုက်၊ ကျွဲနင်းလိုက်ပါပဲ။ မိုင်းတွေကို ဆိုင်ကယ်နဲ့ နင်းမိရင် ဆိုင်ကယ် တော့ တော်တော်ပျက်စီးသွားတယ်။ လူကတော့ ခြေတောက်တွေထိတာ များတယ်။ အိမ်က အဖေ နင်းမိတုန်းက ဆိုရင်လည်း ခြေထောက်မှာထိတယ်။ မိုင်းနင်းမိတဲ့လူတွေ ခြေဖြတ် လက်ဖြတ် ရတာတော့ မကြားရသေးဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
မိုင်းနင်းမိ၍ ခြေလက်ဖြတ်ရသည့် ကျွဲနွားနှင့် အသက်သေဆုံးသွားသည့် ကျွဲနွား ဆယ်ကောင်ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ဇာဒီဒေသခံများထံမှ သိရသည်။
စစ်ကောင်စီဘက်က ထောင်ထားသည့် မိုင်းများရှိသလို တော်လှန်ရေးတပ်များက ထောင်ထားသည့် မိုင်းများရှိကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဇာဒီဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“ဒီဘက်(တော်လှန်ရေးတပ်)က မိုင်းတွေကတော့ စစ်ရေးလှုပ်ရှားမှု မရှိရင် နုတ်လိုက်တယ်။ စစ်တပ်က မိုင်းတွေကတော့ ကျန်နေတာပေါ့။ သူတို့(စစ်ကောင်စီ) လည်း ပြန်လာ မနုတ်ဘူးလေ။ အဓိက စစ်တပ်က ထောင်ထားတဲ့နေရာတွေက လမ်းတွေကို ဘက်ဟိုးနဲ့ တူးထားတဲ့ နေရာက ပတ်လမ်းတွေမှာ ထောင်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဇာဒီရွာတွင် ရွာဦးတံတား၊ တံတားကြီး၊ ချောင်းအဝင်လမ်းဆုံ၊ ရန်ကင်းတောင်အနီး စသည့် လေးနေရာတွင် မြေတူးစက်ဖြင့် လမ်းများကိုတူး၍ ဖြတ်တောက်ထားသဖြင့် ဒေသခံများက သွားလာရေးအတွက် ပတ်လမ်းများကို ဥယျာဉ်ခြံများအတွင်း ဖောက်၍ သွားလာရကြောင်း အထက်ပါ ဒေသခံအမျိုးသားကဆိုသည် ။
ယင်းသို့ မြေမြုပ်မိုင်း များကျန်ရှိနေသဖြင့် ရွာသားများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ရန် အခက်အခဲရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် ဇာဒီကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး လက်နက်ကြီး ပစ်ခတ်မှုလည်း ပြုလုပ်လေ့ရှိသဖြင့် ယခုနှစ်ဆန်းကစ၍ ဇာဒီရွာတွင် ရွာသားများ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။