BREAKING
October 19, 2025

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်

July 24, 2025

တနင်္သာရီမြစ်ရေ ဆက်တက်လာသည့်အတွက် တနင်္သာရီမြို့၏ စိုးရမ်ရေအမှတ်ကို ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်လာကြောင်း မြို့ခံအချို့က ပြောသည်။

ဇူလိုင်လ ၂၀ရက်ကတင်စကာ မိုးသည်းထန်စွာရွာသွန်းလာပြီး တနင်္သာရီမြစ်ရေတိုးလာခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် တွင် ၁၇ ပေ ၆ လက်မ ဖြစ်လာသည်။

တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေသတ်မှတ်ထားသည်။

ထို့ကြောင့် တနင်္သာရီမြို့အတွင်းရှိ ရပ်ကွက်အချို့ကို ရေစတင်ဝင်လာပြီး လမ်း၊ တံတားနှင့် လူနေအိမ်အနီးအထိ ရေဝင်လာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ရွှေလိပ်ပြာရပ်ကွက်က အိမ်ခြေတွေ ရေစမြုပ်နေပြီ။ ရေထပ်တက်လာရင် အိမ်ထဲရေဝင်မယ့် အနေအထား ရောက်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း မြစ်ရေစလျှံလာပြီး ရေကြီးနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သာရဘွင်ရွာအနီးရှိ အရှေ့ကမ်းတံတား၊ သကျက်ကျေးရွာအုပ်စုရှိ ကွင်းသစ်တံတား၊ ဂဏန်းကွင်းရွာလမ်းတို့တွင် ရေမြုပ်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တံတားနှင့် လမ်းများ ရေမြုပ်နေသည့်အတွက် လှေဖြင့်သွားလာနေရကြောင်း ဒေသခံများထံမှ သိရသည်။

“တကူမှာက လှေဆိပ်နားက အိမ်ခြေနဲ့ နားနေဆောင်နားက တိုင်ခြေတွေ (အထိ) ရေရောက်နေပြီ။ လှေဆိပ်က ရေမြုပ်သွားတာ တစ်ပတ်လောက်တော့ပြီ။ ရေစီးလည်း တအားကြမ်းတယ်” ဟု တကူရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ရွာအနီးရှိ ဥယျာဉ်ခြံ၊ ရော်ဘာခြံနှင့် ကိုင်း (ရာသီပေါ်သီးနှံစိုက်ခင်း) အချို့လည်း ရေမြုပ်နေကြောင်း ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် တနင်္သာရီမြစ်ရေစံချိန်တင် ရေကြီးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု ဆယ်ခုထက်မနည်း ရေဘေးဒဏ်ခံခဲ့ရကာ ရေကြီးမှုအတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့သည်။