BREAKING
October 20, 2025

ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ

July 24, 2025

ပုံစာ - ရုရှားနိုင်ငံ ၊ ဆိုက်ဘေးရီးယားအခြေစိုက် Angara လေကြောင်းလိုင်းပိုင် An-24 လေယာဉ်တစ်စီး။ ဓာတ်ပုံ - Rodion Kuznetsov

လူ ၄၉ ဦးလိုက်ပါလာသည့် ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ရုရှားနိုင်ငံအရှေ့ပိုင်း ၊ တရုတ်နယ်စပ်အနီးတွင် ပျက်ကျကြောင်း ရုရှားပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။

ကနဦးသိရသည့် အချက်အလက်များအရ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဖော်ပြသည်။ ပျက်ကျခဲ့သည့် လေယာဉ်မှာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားအခြေစိုက် Angara လေကြောင်းလိုင်းက An-24 လေယာဉ် ဖြစ်သည်။

အဆိုပါ လေယာဉ်သည် ၎င်း ဆင်းသက်မည့် တရုတ်နယ်စပ်အနီး Amur ဒေသ Tynda မြို့အနီး ချဉ်းကပ်လာစဉ် ရေဒါပေါ်က ပျောက်ကွယ်သွားကြောင်း ရုရှားအစိုးရ အရေးပေါ်အခြေအနေဝန်ကြီးဌာနက ဆိုသည်။

ပျက်ကျလေယာဉ်၏ အပျက်အစီးများကို အဆိုပါ Amur ဒေသတွင် တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရုရှားပြည်တွင်းသတင်းမီဒီယာ Interfex က ဖော်ပြသည်။

သို့သော် ပျက်ကျလေယာဉ်၏ အပျက်အစီးများ မီဒီယာများတွင် ဖော်ပြထားသည်ကို မတွေ့ရသေးပေ။

လေယာဉ်ဆင်းသက်စဉ် လေယာဉ်မှူး၏ အမှားကြောင့်သော်လည်း၊ မြင်ကွင်း မရှင်းလင်းမှုကြောင့်သော်လည်းကောင်း လေယာဉ်ပျက်ကျရခြင်းဖြစ်နိုင်သည်ဟု ယူဆခံရကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြသည်။

ကနဦးသိရသည့် အချက်အလက်များအရ လေယာဉ်ပေါ်တွင် ကလေးငယ် ငါးဦးအပါအဝင် ခရီးသည် ၄၃ ဦး နှင့် လေယာဉ်ဝန်ထမ်း ခြောက်ဦး လိုက်ပါလာကြောင်း Amur ဒေသအုပ်ချုပ်ရေးမှူးက ဆိုသည်။

SOURCE: NEWS AGENCIES