ထားဝယ်မြို့ အခန်းတွဲများတွင် ဇူလိုင်လအတွင်း ခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါအခန်းတွဲများတွင် ထားဝယ်ခရိုင်အတွင်း စစ်ရေးပဋိပက္ခကြောင့် မြို့ပေါ် တိမ်းရှောင်နေထိုင်သူ အများအပြား ငှားရမ်းနေထိုင်ကြသည်။
ထားဝယ်မြို့သစ်တွင် အခန်တွဲများ၌ ခိုးယူခံရမှု အများဆုံးဖြစ်ပြီး ဇူလိုင်လ ၁၁ရက်နှင့် ၁၈ ရက် ညများတွင် ဖောက်ထွင်း ခိုးယူမှု၊ ခိုးယူရန်ကြိုးပမ်းမှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဇူလိုင် ၁၈ရက် ညတွင် ထားဝယ်မြို့သစ် ဆင်ဆိပ်ရပ်ကွက် ၁၅ လမ်းတွင် စစ်ဘေးရှောင်များ စုပေါင်းငှားရမ်းနေထိုင်သည့် ၆ ခန်းတွဲ နှစ်ထပ်အဆောင် တစ်ဆောင်တွင် ခြံဝင်းဖောက်ထွင်းခံရပြီးနောက် တန်ဖိုးကြီးမော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း စုံစမ်းသိရသည်။
ထားဝယ်မြို့သစ် ၆ လမ်း၌ ဇူလိုင်လ ၁၁ ရက်ညတွင် စစ်ဘေးရှောင်များ စုပေါင်းနေထိုင်သည့် ၈ခန်းတွဲ အဆောင်တစ်ခု ကို ညသန်းခေါင်အချိန် ၌ လူငယ်သုံးဦးက ဖောက်ထွင်းရန် ကြိုးပမ်းနေချိန် အိမ်ရှင်နိုးလာသာပြီး အော်ဟစ်အကူအညီ တောင်းခံရာ ထွက်ပြေးသွားကြောင်း အဆိုဖြစ်ရပ်ကို ကိုယ်တိုင်ကြုံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျန်တဲ့ လမ်းတွေထဲမှာတော့ ဆိုင်ကယ်တွေ ပါနေ (ခိုးယူခံရ) သေးတယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်မြို့သစ်၏ လမ်းများတွင် စစ်ကောင်စီဖွဲဝင်များ မကြာခဏ ကင်းလှည့်လေ့ရှိသော်လည်း နေအိမ် ဖောက်ထွင်း ခိုးယူခံမှုများ မကြာခဏ ဖြစ်လျက်ရှိကြောင်း မြို့သစ်ရပ်ကွက်တွင် နေထိုင်သူအချို့က ဆိုသည်။
ဇူလိုင်လဆန်းပိုင်းကစပြီး မြို့သစ်ရပ်ကွက် ၄လမ်း၊ ၆ လမ်း၊ ၇ လမ်းနှင့် ၁၅ လမ်းတို့တွင် သူခိုး ခိုးယူမှုကြောင့် မော် တော် ဆိုင်ကယ် လေးစီးခန့်အထိ ပျောက်ဆုံးကြောင်း မြို့သစ်ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အခုက ပစ္စည်းဥစ္စာခိုးတာထက် လူကိုရန်ရှာမှာ ပိုကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။
ဆိုင်ကယ် ခိုးယူသူများမှာ လူအများစုပေါင်းနေထိုင်သည့် အခန်းတွဲများကို ပိုမိုပစ်မှတ်ထားလာကြောင်း မြို့သစ်ရပ်ကွက်ရှိ အခန်းတွဲ ဖောက်ထွင်းခံရဖူးသည့် အခန်းတွဲပိုင်ရှင်အမျိုးသမီးကြီးတစ်ဦးက ပြောဆိုသည်။
“ဆိုင်ကယ်တွေက ခြံဝင်းအတွင်း အဆောင်ပြင်မှာပဲ သော့ခတ်ပြီး ဖုံးထားလေ့ရှိတယ်။ အပြင်က မြင်နေရတော့ အိပ်မောကျနေချိန်ဆို ခြံတံခါးဖျက်ပြီး ခိုးကြတာပဲ” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် မြိတ်နှင့် ထားဝယ်မြို့များတွင် ခိုးမှု၊ လူယက်မှု၊ ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားနေ သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိမှုများမှာမူ နည်းပါးနေဆဲ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။