လက်ရှိဖြစ်ပေါ်နေသည့် နှစ်နိုင်ငံအပြန်အလှန် တိုက်ခိုက်မှုများမှာ ထိုင်းစစ်တပ်၏ စတင်တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ကမ္ဘောဒီးယားအနေဖြင့် အင်အားသုံးလက်တုံ့ပြန်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ပြောဆိုလိုက်သည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် ထိုင်းစစ်တပ်က “Chakraphong Phuvanaat” စစ်ဆင်ရေးကို စတင်လိုက်ပြီးနောက် ကမ္ဘောဒီးယားကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားခေါင်းဆောင်များက ပြောသည်။
သို့သော်ယင်းပြောဆိုချက်နှင့် ပတ်သက်၍ ထိုင်းဘက်က တုံ့ပြန်ချက်ကို မသိရသေးပေ။
ကမ္ဘောဒီးယားနိုင်ငံ ၊ အိုဒါမီးချေပြည်နယ်ရှိ တမုံထွန်းဘုရားကျောင်းနှင့် တကရားဘေးဘုရားကျောင်းတွင် တပ်စွဲထားသည့် ကမ္ဘောဒီးယားစစ်သားများကို ထိုင်းစစ်တပ်ဘက်က စတင်တိုက်ခိုက်ခဲ့ပြီး မွန်ဘေးဒေသကိုပါ တိုက်ခိုက်လာခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်ကဆိုသည်။
“ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတဲ့နည်းကို ကမ္ဘောဒီးယားက အမြဲတမ်းဆုပ်ကိုင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒီလိုမျိုး လက်နက်နဲ့ ကျူးကျော်တိုက်ခိုက်မှုကို အင်အားသုံးတုံ့ပြန်ဖို့ကလွဲပြီး ကျွန်တော်တို့မှာ အခြားရွေးချယ်စရာမရှိဘူး” ဟု ဟွန်မန်နက်က ဆိုသည်။
နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ နယ်မြေပိုင်ဆိုင်မှုဂုဏ်သိက္ခာနှင့် နိုင်ငံ့ထိပ်သီးအကျိုးစီးပွားများကို ကာကွယ်ရန် ကမ္ဘောဒီးယားအစိုးရနှင့် စစ်တပ်သည် ရဲရင့်တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောသည်။
ထိုင်းစစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသည့် ကမ္ဘောဒီးယားနိုင်ငံသားများကိုလည်း အကူအညီပေးသွားမည်ဟု ၎င်းက ဆိုသည်။
တမုံထွန်းဘုရားကျောင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ပိတ်ရန် ထိုင်းစစ်တပ်က ယမန်နေ့တွင် အမိန့်ထုတ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားတပ်ဖွဲ့များကို စတင်တိုက်ခိုက်ခဲ့သည်ဟု ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆွန်က ပြောသည်။
“ကမ္ဘောဒီးယားစစ်တပ်အနေနဲ့ ဒါကို ခုခံတန်ပြန်တိုက်ခိုက်သွားဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိဘူး။ ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ မကြောက်လန့်ဖို့ ၊ ဆန်နဲ့ ကုန်စည်တွေကို မသိုလှောင်ထားကြဖို့ ၊ ကုန်ဈေးနှုန်းတွေ မမြှင့်တင်ကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ထိုင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အိုဒါမီးချေနဲ့ ဖရာ့ဝိဟာနယ်စပ်ဒေသတွေကလွဲရင် ကျန်တဲ့ နေရာတွေမှာ ကျေးဇူးပြုပြီး ပုံမှန်အတိုင်း သွားလာနေထိုင်ပေးကြပါ” ဟု ဟွန်ဆန်က ဆိုသည်။
ပြည်သူလူထုအနေနှင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရနှင့် စစ်တပ်ကို ယုံကြည်ပေးကြရန် ဟွန်မန်နက်နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဟွန်ဆန်တို့ နှစ်ဦးစလုံးက တိုက်တွန်းထားသည်။
ဖနွမ်းပင်မြို့ရှိ ထိုင်းသံရုံးကလည်း ကမ္ဘောဒီးယားသို့ ရောက်နေသည့် ထိုင်းနိုင်ငံသားများအားလုံး အနေဖြင့် အရေးတကြီး အပူတပြင်းကိစ္စမရှိလျှင် ကမ္ဘောဒီးယားမှ အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံသားအနေဖြင့် ကမ္ဘောဒီးယားသို့ ခရီးသွားလာခြင်း မပြုရန်လည်း အဆိုပါ သံရုံးက တိုက်တွန်းထားသည်။
Source: The Phnom Penh Post ၊ The Nation Thailand