BREAKING
October 20, 2025

ဂါဇာတွင် အငတ်ဘေးကြုံနေရဟု WHO အကြီးအကဲပြော

July 24, 2025

ဓာတ်ပုံ - Anadolu/Getty Images

ဂါဇာတွင် အစ္စရေးက အကူအညီပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အစုလိုက်အပြုံလိုက် အငတ်ဘေးဒဏ် ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားလိုက်သည်။

အစားအစာ၊ သန့်ရှင်းသည့်ရေနှင့် ဆေးဝါးအထောက်အပံ့များ ဂါဇာသို့ မပေးပို့နိုင်မှုကြောင့် အစုလိုက်အပြုံလိုက် ငတ်မွတ်မှုဘေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း အကူအညီပေးရေးအဖွဲ့အစည်း ၁၀၀ ကျော်က သတိပေးချက်ထုတ်ပြန်လိုက်ပြီးနောက်တွင် WHO အကြီးအကဲက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားတို့ ဒါကို အစုလိုက်အပြုံလိုက်အငတ်ဘေးလို့ မခေါ်ဘဲ ဘယ်လိုခေါ်မလဲဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါက လူကလုပ်တဲ့ဘေးပဲ။ ဒါကသိပ်ကို ရှင်းနေတာပဲ” ဟု Tedros က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီလို ဖြစ်နေရတာက အကူအညီပိတ်ဆို့ထားမှုကြောင့်ပဲ” ဟု ၎င်းက ပြောသည်။

ယခုနှစ် မတ်လမှစတင်ကာ အစ္စရေးက ဂါဇာသို့ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ ဝင်ရောက်မှုအားလုံးကို ပိတ်ဆို့ဖြတ်တောက်လိုက်မှုကြောင့် ဂါဇာတွင် စားနပ်ရိက္ခာပြတ်တောက်မှု ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ ပိတ်ဆို့မှုကို အစ္စရေးက ယခုနှစ် မေလတွင် အကန့်အသတ်များစွာထားကာ ပြန်လျှော့ချပေးခဲ့သည်။ ဂါဇာရှိ လက်နက်ကိုင်များထံ အဆိုပါ အကူအညီပစ္စည်းများ မရောက်ရှိသွားစေရန်အတွက် ယင်းသို့ ကန့်သတ်ထားရန် လိုအပ်သည်ဟု အစ္စရေးက ပြောသည်။

အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အမှန်တကယ်လိုအပ်နေသည့် အကူအညီပမာဏ၏ အနည်းငယ်မျှသာ ဂါဇာသို့ ရောက်ရှိကြောင်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများက ဆိုသည်။

စစ်ပွဲကာလအတွင်း ဂါဇာသို့ လုံလောက်သည့် စားနပ်ရိက္ခာအကူအညီများ ဝင်ရောက်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု အစ္စရေးက ပြောသည်။

လက်ရှိ ဂါဇာလူဦးရေ ၂ ဒသမ ၂ သန်း ခံစားနေရသည့် ဒုက္ခမှာ ဟားမတ်စ်အဖွဲ့ကြောင့်သာ ဖြစ်သည်ဟု အစ္စရေးက ဆိုသည်။

Source: Reuters