ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ယနေ့ (ဇူလိုင် ၂၄) နံနက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်နေပြီး ထိုင်းအရပ်သား နှစ်ဦးသေဆုံးသွားကာ နယ်စပ်အနီးနေထိုင်သူများလည်း ဘေးလွတ်ရာ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။
ကမ္ဘောဒီးယားဘက်က BM-21 ရော့ကတ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ စီစက်ခရိုင်၊ စူရင်းခရိုင်နှင့် အခြားနယ်စပ်ခရိုင်များတွင် လူနေအိမ်များ၊ PTT ဓါတ်ဆီဆိုင်များနှင့် 7-Eleven စတိုးဆိုင်များ လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ထိုင်းဘက်ကထုတ်ပြန်ထားသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ထိုင်းဘက်က ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံသောင်းချီကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ထိုင်းအရှေ့မြောက်ပိုင်းခရိုင်ဖြစ်သော စူရင်းခရိုင် ဖနုံဒွန်ရက်ဒေသရှိ နှစ်နိုင်ငံ အငြင်းပွားနေသော တမုံထွန်းဘုရားကျောင်းရှေ့တွင် ပစ်ခတ်သံများ ဆက်တိုက် ကြားခဲ့ရကြောင်း ထိုင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သေနတ်သံများ ဆက်တိုက်ကြားခဲ့ရပြီးနောက် နယ်စပ်အနီးနေ ပြည်သူများကို ကတုတ်ကျင်းများထဲတွင် ခိုလှုံကြရန်နှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် ထိုင်းအစိုးရက လိုက်လံအသိပေးနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ကမ္ဘောဒီးယား စစ်သားများက နှစ်နိုင်ငံ ခြံစည်းရိုးအနီးအထိ လက်နက်များကို သယ်ဆောင်လာခဲ့ပြီး ၎င်းတို့အနက် လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သားအချို့က ထိုင်းအခြေစိုက်စခန်းအနီး မီတာ ၂၀၀ ခန့် အကွာအထိ လမ်းလျှောက်လာခဲ့ကြောင်း ဖော်ပြသည်။






အချင်းချင်း ပဋိပက္ခများ မဖြစ်စေရန် ထိုင်းအခြေစိုက် စခန်းထဲက စစ်သားများက ကမ္ဘောဒီးယား စစ်သားများဘက်သို့ အော်ဟစ်ညှိနှိုင်းခဲ့ကြသော်လည်း နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကမ္ဘောဒီးယား စစ်သားများက ထိုင်းအခြေစိုက်စခန်းဘက်သို့ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ထိုင်းဘက်က ပြောကြားထားသည်။ လက်ရှိတွင် ထိုင်းနယ်စပ်က စာသင်ကျောင်းအများစုကို ပိတ်ထားရသည်။
ပြီးခဲ့သောညကလည်း ထိုင်းနယ်စပ်ဘက်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရရှိခဲ့သေးသည်။
ယင်းနောက် ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယား သံအမတ်ကို နိုင်ငံအတွင်းက နှင်ထုတ်ခဲ့သလို ကမ္ဘောဒီးယားရှိ ထိုင်းသံအမတ်ကို ပြည်တွင်းသို့ ပြန်ခေါ်ထားပြီး နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေခဲ့သည်။
Ref: The Nation Thailand, Bangkok Post







