BREAKING
October 18, 2025

ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် KTLA နှင့် KNLA တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး

July 24, 2025

ထိုင်း-မြန်မာနယ်စပ် ငရံ့နီစခန်းအနီးတွင် ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တို့ ဇူလိုင်လ ၁၉ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)ထံက သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ထိန်းချုပ်မှုမရစေရန် ထီးခီးလမ်းတစ်လျှောက် လုံခြုံရေးချထားသည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

လုံခြုံရေးချထားစဉ် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် KTLA ဆာကဆောတပ်မက ယင်းလမ်းပိုင်းကို မည်သူမှဖြတ်သန်းသွားလာခွင့်မပြုကြောင်း စာထုတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ စာထုတ်ပြီး လုံခြုံရေးယူထားသည့် KNU/KNLA တပ်ဖွဲ့ကို KTLA တပ်ဖွဲ့က ‌ခြုံခိုတိုက်ခိုက်မှုနှစ်ကြိမ်ခန့် လုပ်ဆောင်သဖြင့် ဇူလိုင်လ ၁၉ ရက်တွင် KNU/KNLA တပ်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောအယ်နားက ရှင်းပြသည်။

“သူတို့ဘာမှမလုပ်ရင် အဲ့ဒီပြဿနာက မတက်ဘူး၊ အခုကသူတို့အဲ့ဒီလိုမျိုးလုပ်တော့ ကျွန်တော်တို့လည်း လုံခြုံရေးအတွက်လုပ်တာပေါ့နော်” ဟု ပဒိုစောအယ်နားက ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်- KNLAနှင့် PDF ပူးပေါင်းတပ်များက ဧပြီလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ ထီးခီးနယ်စပ်က ထီးထဗျူဟာစခန်းကုန်း၊ မေ ၉ ရက်တွင် ထီးခီးနယ်စပ်စခန်း၊ ဇွန်လ ၁၀ ရက်တွင် ဗောဓိစခန်းတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ယင်းနောက် ဇွန်လ ၁၂ ရက်တွင် ငရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားစဉ် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုး ဦးဆောင်သည့် KTLA ဆာကဆောတပ်မက ငရံ့နီစခန်းကို နယ်မြေဝင်ရှင်းပြီး ရယူခဲ့ဟုဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဆာကဆောတပ်မ တပ်မဟာမှူး ဗိုလ်အယ်ခွီးကို Dawei Watch က လူမှုကွန်ရက်အကောင့်မှတစ်ဆင့် စာဖြင့်ဆက်သွယ်မေးမြန်းခဲ့သလို ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

ဇူလိုင်လ ၁၅ ရက်များတွင် KTLA ဆာကဆောတပ်မက ကရင်လက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုတွင် PDF၊ ပကဖ၊ Local တပ်ဖွဲ့များ ဝင်မပါကြရန် စာထုတ်သတိပေးထားသလို ဆာကဆောတပ်မ တပ်ရင်း(၃)က ဒုတပ်ရင်းမှူး စောဒါးဂေကလည်း ဇူလိုင်လ ၁၄ ရက်မှာ လူမှုကွန်ရက်မှတစ်ဆင့် သတိပေးပြောဆိုထားသည်။

တနင်္သာရီတိုင်းတွင် ဗိုလ်အယ်ခွီး(ခ)ဗိုလ်ကော်လဖိုးဦးဆောင်သည့် ဆာကဆောတပ်မ၊ ဗိုလ်တာချေဦးဆောင်သည့် ထီးဆယ့်မဲယွာတပ်ရင်းနှင့် ဗိုလ်အဲ့ဖိုးဦးဆောင်သည့် ဆာကပေါတပ်ရင်း သုံးခုအခြေစိုက်လှုပ်ရှားသည်။

ထီးဆယ့်မဲယွာတပ်ရင်းနှင့် ဆာကပေါတပ်ရင်းက တပ်ဖွဲ့ဝင်များမှာ KNU/KNLA တပ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများရှိသည်ဟု နှစ်ဖက်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့က တာဝန်ရှိသူအချို့က ပြောဆိုထားသည်။

ဗိုလ်အယ်ခွီးဦးဆောင်သည့် ဆာကဆောတပ်မမှာမူ KNU/KNLA တပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။