အာဏသိမ်းပြီး ၄ နှစ်ကျော်လာချိန်တွင် ထားဝယ်ဒေသအတွင်း ကူရာမဲ့နေသည့် အဘိုး၊အဘွားများ ပိုမိုများပြားလာသော်လည်း ထောက်ပံ့လှူဒါန်းသူများ သိသိသာသာလျှော့နည်းလာသဖြင့် အကူအညီများစွာလိုနေကြောင်း ပရဟိတလုပ်ဆောင်နေသူများထံမှသိရသည်။
အာဏမသိမ်းခင်က အဘိုးအဘွားအများစုမှာ အစိုးရရုံးများတွင် လုံခြုံရေး၊ သန့်ရှင်းရေး၊ ဘုရား ဝေယျာဝိစ္စများလုပ်ခြင်း၊ ပန်းရောင်းခြင်း၊ အသီးအနှံများ ရောင်းချခြင်း၊ မုန့်နှင့်အခြားလက်မှုပညာများ ဖန်တီးပြုလုပ်ရောင်းချခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း နိုင်ကြသေးကြောင်း မြို့ခံများနှင့် ပရဟိတသမားများကဆိုသည်။
လက်ရှိတွင် အလုပ်အကိုင်ရှားပါးလာပြီး သားထောက်သမီးခံမရှိသည့် အဘိုးအဘွားများ အနေဖြင့်လစဥ်အလှူရှင်များကို မှီခိုအားထားနေရသည့် အခြေဆိုက်လာနေသည်ဟု ၎င်းတို့ကဆိုသည်။
ယင်းအပြင် စစ်မှုထမ်းဂယက်၊ စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ မလုံခြုံမှု စသည့်အကြောင်းအမျိုးမျိုးကြောင့် လူငယ်၊လူရွယ်များ မြို့ရွာကို စွန့်ခွာထွက်သွားမှုများကလည်း ဘိုးဘွားများကို ကူညီစောင့်ရှောက်မှု ကျဆင်းလာသည့် အချက်ဖြစ်ကြောင်း တွေ့ရသည်။
ထားဝယ်မြို့ပေါ်တွင်ပင် သားထောက်သမီးခံမရှိသော ချို့တဲ့ဘိုးဘွားရာချီရှိသော်လည်း လှူငွေရရှိမှုနည်းပါးသဖြင့် ထားဝယ်မြို့ပေါ်မှ ဘိုးဘွားဦးရေမှာ ၈ ဦးခန့်ကိုသာ ထောက်ပံ့ပေးနိုင်ကြောင်း သက်ကြီးရွယ်အိုများကို လှူဒါန်းနေသူ အမျိုးသမီးတစ်ဦးပြောသည်။
“နွမ်းပါးသက်ကြီးရွယ်အိုတွေက ထားဝယ် မြို့နယ်အတွင်း ရာနဲ့ချီရှိတယ်။ လက်ရှိ ကျွန်မကူညီနေတာက အဘိုးအဘွား ၈ ယောက်လောက်ပဲ အဓိကကူပေးနိုင်တယ်။ အကုန်လုံးက ထားဝယ်မြို့ပေါ်ကချည်းပဲ” ဟု ၎င်းကဆိုသည်။
အာဏာမသိမ်းခင်ကတည်းက အဘိုးအဘွားများကို ထောက်ပံ့ပေးနေသည့် အလှူရှင်အမျိုးသား တစ်ဦးကလည်း လက်ရှိအချိန်တွင် အဘိုးအဘွားများအား လှူဒါန်းသူမရှိသလောက် ရှားပါးလာကြောင်း ပြောဆိုသည်။
ထပ်တိုး အလှူရှင်များမရှိသောကြောင့် ယခင်ကလိုမျိုး လစဉ်ထောက်ပံ့ပေးနိုင်ခြင်းမရှိတော့ဘဲ တကူးတကလာရောက်လှူဒါန်းသူ ရှိမှသာလျှင် ချို့တဲ့အဘိုးအဘွားတို့အား ထောက်ပံ့နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ၎င်းကဆိုသည်။
လတ်တလောတွင်မူ ထားဝယ်မြို့ပေါ်ရှိ အဘိုးအဘွားသုံးဦးကိုသာ ၎င်းအနေဖြင့် ထောက်ပံ့ပေးနိုင်တော့ကြောင်း ဆက်လက်ပြောဆိုသည်။
“လူငယ်တွေလည်း ပြည်တွင်းထဲမှာ လျော့နည်းလာတယ်။ ကျွန်တော်တစ်ယောက်တည်း အဘိုးအဘွားတွေအတွက် တစ်ကိုယ်တော်ပရဟိတ လုပ်နိုင်သလောက်လုပ်ခဲ့ပေမယ့် ရေရှည်မှာ ရပ်တည်ဖို့ အဆင်မပြေတော့ဘူး။ ပြည်သူလူထုတွေကလည်း ဒီအရာအပါ် အာရုံမစိုက်နိုင်ကြဘူး။ ကိုယ်စီအခက်အခဲတွေကြောင့် ဘယ်သူ့ကိုမှမကူနိုင်ကြတော့ဘူး” ဟု ၄င်းက ဆိုသည်။
အခြားတစ်ဖက်တွင်မူ အကူအညီအထောက်အပံ့ပေးရန် လိုအပ်သည့် ဘိုးဘွားများမှာ တစ်နေ့တခြားများပြားလာနေကြောင်း ဘိုးဘွားများအား ကူညီပေးနေသူ ထားဝယ်မြို့ခံအချို့က ပြောဆိုကြသည်။
တစ်ချို့ကတောင်းရမ်းစားသောက်နေထိုင်ခြင်း၊ နေအိမ်မရှိသည့် အဘိုးအဘွားများမှာ ဘုန်းကြီးကျောင်းနှင့် လူမနေသည့် ဇရပ်များတွင် နေထိုင်ခြင်း စသည်ဖြင့် အခက်အခဲပေါင်းစုံ ရင်ဆိုင်နေကြရကြောင်း ဘိုးဘွားတို့အား ကူညီပေးနေသူအချို့က ပြောသည်။
သက်ကြီးရွယ်အိုအချို့ကမူ စွန့်ပစ်အမှိုက်ပုံများထဲမှ အသုံးဝင်မည့်ပစ္စည်းများ လိုက်လံကောက်ယူ ရောင်းချပြီး ဝမ်းရေးဖြေရှင်းကြသည်လည်း တွေ့ရကြောင်း မြို့ခံအချို့ကပြောသည်။