ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစ္စရေး - အီရန် အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်

June 24, 2025

ပုံစာ - ဇွန်လ ၂၃ ရက်က တီဟီရန်မြို့တစ်နေရာတွင် အစ္စရေး၏ တိုက်ခိုက်မှုဒဏ်ခံရသည့် မြင်ကွင်း။ ဓာတ်ပုံ - Elyas/Middle East Images/AFP/Getty Images

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အပစ်ရပ်အစီအစဉ်ကို သဘောတူလက်ခံကြောင်း နှစ်နိုင်ငံစလုံးက လူသိထင်ရှား ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် အစ္စရေးက အီရန်ကို တိုက်ခိုက်မှုအသစ် စတင်လုပ်ဆောင်လိုက်သည်။

အပစ်ရပ်သဘောတူညီချက်ကို အီရန်ဘက်က ချိုးဖောက်လိုက်သည်ဟု စွပ်စွဲကာ အစ္စရေးက ယင်းသို့ တိုက်ခိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများ ပြန်လည်စတင်လာမှုကြောင့် ဒေါ်နယ်ထရမ့် အမည်ပေးခဲ့သည့် “၁၂ ရက်ကြာ စစ်ပွဲ” သည် ပိုမိုကြာမြင့်လာနိုင်ကြောင်း ကမ္ဘာကျော် Time မဂ္ဂဇင်းက ရေးသားဖော်ပြသည်။

အစ္စရေးနှင့် အီရန် နှစ်ဘက်စလုံးက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လိုက်ပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုသည်။

အီရန်ကို အကြီးစားတိုက်ခိုက်မှုသစ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည့် အစ္စရေးကို ပိုမိုမကျေမနပ် ဖြစ်ရကြောင်း ၎င်းက ပြောသည်။

“အစ္စရေး… အဲဒီဗုံးတွေကို မကြဲချလိုက်နဲ့။ မင်းတို့ ကြဲချလိုက်ရင် မင်းတို့က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေတာပဲ။ မင်းတို့ တိုက်လေယာဉ်မှူးတွေကို အခုချက်ချင်း အိမ်ပြန်လာခဲ့ကြတော့” ဟု ထရမ့်က ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

အစ္စရေးသည် အပစ်ရပ်ရန် သဘောတူလိုက်ပြီး ချက်ချင်းဆိုသလို ယင်းသဘောတူညီချက်ကို ချိုးဖောက်လိုက်သည်ဟု ထရမ့်က ပြောသည်။

နှစ်နိုင်ငံစလုံးက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လိုက်သည်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိတ်မချမ်းမြေ့ ကြောင်းလည်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ အထူးသဖြင့် အစ္စရေးကို ပိုမကျေမနပ် ဖြစ်မိကြောင်း ၎င်းက ဆိုသည်။

အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်သွားရန် စစ်တပ်ကို အမိန့်ပေးထားပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ပြောသည်။

အီရန်က အပစ်ရပ်သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မစ်ဆိုင်းဒုံးများဖြင့် အစ္စရေးကို တိုက်ခိုက်ခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အီရန်ဘက်က ၎င်းတို့ဘက်က မည်သည့်မစ်ဆိုင်းဒုံး တိုက်ခိုက်မှုမျှ မလုပ်ဆောင်ခဲ့ဟု ငြင်းဆန်ထားသည်။

အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်ရန် ကြေညာထားချိန်နောက်ပိုင်းတွင် အစ္စရေးက အီရန်ကို မိနစ် ၉၀ ကြာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သည်ဟု အီရန်က ဆိုသည်။

Source: Reuters ၊ Time Magazine