BREAKING
October 20, 2025

ပုလော ဆင်ထိုးကြီးရွာ ခရီးသည်နားနေဆောင်အနီး မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦးဒဏ်ရာရ

June 24, 2025

ပုလောမြို့နယ် ထားဝယ်-မြိတ် ကားလမ်းပေါ်က ဆင်ထိုးကြီးရွာ ခရီးသည်နားနေဆောင်အနီးတွင် မိုင်းပေါက်ကွဲပြီး အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် ကျောက်တောင်ရွာက အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးသည် ပစ္စည်းလက်ခံယူရန် ထားဝယ်မှ ပုလောသို့လာသည့် ကားကို ဆင်ထိုးကြီးရွာလမ်းဆုံရှိ ခရီးသည်နားနေဆောင်တွင် သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ခရီးသည်နားနေဆောင်မှာ သွားစောင့်နေရင်း အပေါ့အလေးသွားချင်လာတော့ နားနေဆောင်ဘေးက လူမရှိတဲ့အိမ်ခြံထဲက အိမ်သာကို သွားတာမှာ မိုင်းကြိုးခလုတ်တိုက်ပြီး မိုင်းထပေါက်ကွဲတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူး” ဟု ၎င်းက ပြောဆို သည်။

ပြီးခဲ့သည့် မေလကလည်း ပုလောမှ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ခရီးသည်နားနေဆောင်အနီးက နေအိမ်တွင် အပေါ့ဝင်သွားစဉ် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ရခဲ့သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မိုင်းပေါက်ကွဲသည့်နေရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA စစ်ဆေးရေးဂိတ်ချခဲ့သည့်နေရာအနီးတွင်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယခုနှစ် ဧပြီလ ၂၁ ရက်တွင် ဆင်ထိုးကြီးနှင့် အင်းမရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည်။ ယင်းနောက် ဧပြီလ ၂၃ရက်တွင် ဘုရင့်တောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် KNLA စစ်ဆေးရေး ဂိတ်ချ ခဲ့သည့်နေရာသို့ စစ်ကြောင်းထိုးလာပြီး ယာယီစခန်းချနေထိုင်ခဲ့ကာ နောက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်။

စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် KNLA တပ်ဖွဲ့က ယင်းနေရာအနီးတွင် မြေမြှုပ်မိုင်းများ ထောင်ထား ခဲ့ပြီး မသွားလာကြရန် အိမ်ရှင်အပါအဝင် ဆင်ထိုးရွာသားများကို နှုတ်ဖြင့် ပြောဆိုထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ရွာသားများက ယင်းနေရာကို ရှောင်တိမ်းသွားကြသော်လည်း ခရီးသွားများနှင့် အခြားရပ်ရွာက ဒေသခံများမှာ မြေမြှုပ်မိုင်း ရှိသည်ကို မသိသဖြင့် ဝင်ရောက်နားနေခြင်း၊ အပေါ့အလေးစွန့်ခြင်းများ ပြုလုပ်သဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များ ရှိနေကြောင်း ဆင်ထိုးကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“တခြားရွာက ခရီးသွားတွေနဲ့ ကားတွေတွေကတော့ ဘယ်သိမလဲ။ နားနေဆောင်ရှိတော့ ကားတွေ သွားသွားစောင့်စီးကြ၊ ပစ္စည်းသွားစောင့်ကြ၊ ခဏဝင်နားကြ အိမ်ခြံထဲ အိမ်သာမြင်တော့ အပေါ့အလေးဝင်သွားကြဆိုတော့ မိုင်းထိတာတွေ ဖြစ်တာပေါ့၊ နောက်လူတွေမဖြစ်ရအောင် အသိပေးချင်တယ်။ သူတို့ကတော့ စစ်တပ်ဝင်လာမှာစိုးလို့ ထောင်ခဲ့တာလား မသိဘူး။ အခုက ဒေသခံတွေချည်းပဲ ထိနေတယ်” ဟု ၎င်းက ပြောသည်။

KNLA တပ်စွဲထားသည့် ဆင်ထိုးကြီးရွာတွင် ဒေသခံများ ပြန်လည်နေထိုင်ပြီးနောက် အရပ်သားခြောက်ဦး မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရပြီး ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ထို့ကြောင့် စစ်ဘေးရှောင် ဆင်ထိုးကြီးရွာသား အများစုမှာ ရွာထဲ ပြန်လည်ဝင်ရောက် မနေထိုင်ရဲကြသေးကြောင် ဒေသခံများက ဆိုသည်။

မြေမြှုပ်မိုင်းထောင်ထားသည်ဆိုသည့်အပေါ် KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)က တပ်ခွဲမှူး စောထူးကပေါ်ကို Dawei Watch က ဆက်သွယ်မေးမြန်းရာ ဆင်ထိုးကြီးရွာကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရန် လာမည်ဟု သတင်းရပြီး စစ်ဆင်ရေးနယ်မြေလည်းဖြစ်သဖြင့် လုံခြုံရေးအရ မိုင်းထောင်ထားသည်များ ရှိကြောင်း ပြောဆိုသည်။

ဆင်ထိုးကြီးရွာတွင် KNLA က မိုင်းထောင်မှု ရှိသလို စစ်ကောင်စီတပ်ကလည်း မိုင်းထောင်ထားကြောင်း ၎င်းက ဆိုသည်။ KNLA က မိုင်းထောင်ထားသည့်နေရာများသို့ ဒေသခံများ မသွားလာကြရန် အသိပေးထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“ဒါကရန်သူရဲ့လှုပ်ရှားမှုနယ်မြေလေ။ ပြည်သူတွေအနေနဲ့ အဲဒီနေရာကို စစ်တပ်လုံးဝ မလာစေရဘူး အာမခံနိုင်ရင် အဲဒီမိုင်းတွေ ကျွန်တော်တို့ ရှင်းပေးမယ်လေ” ဟု စောထူးကပေါ်က ဆိုသည်။

စစ်ကောင်စီတပ် ဆင်ထိုးကြီးရွာသို့ ဧပြီလက လာရောက်ရာတွင် မိုင်းထိသဖြင့် ပြန်လည်ဆုတ်ခွာသွားပြီး မိုင်းများရှိနေသဖြင့် နယ်မြေရှင်းလင်းခြင်းများ မလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မိုင်းထိသည့် ဒေသခံများကိုလည်း KNLA တပ်ဖွဲ့အနေဖြင့် ဆေးဝါးကုသရန် ဆေးရုံဆေးခန်းပို့ဆောင်ခြင်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း တပ်ခွဲမှူး စောထူးကပေါ်က ပြောသည်။